မေလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ဆောထိ (ရွှေ ကျင်)မြို့နယ်ရှိ သံဆိပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံဆိပ်ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး အရပ်သားနှစ်ဦးကို သတ်ဖြတ်မှုလုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (ခမရ-၃၄၉) နှင့် တပ်ရင်း (၂) သည် ဧပြီလ ၂၂ ရက်နေ့မစ၍ ၂၇ ရက်နေ့အထိ ရွှေကျင်မှသံဆိပ်သို့ စစ်ကြောင်းထိုးလာပြီး ရွာသား ၂ ဦးကိုသတ်ဖြတ်ခဲ့ကာ သံဆိပ်စခန်းမှနေ၍ လက်နက်ကြီးနှင့် ဒရုန်း များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် သံဆိပ်မင်းလမ်း ကျောက်ကြီး ချောင်းနံဘေးတွင်နေထိုင်သည့် ဒေသခံ ၃ ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ဗဟို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အခြေအနေနှင့်ပတ်သက်၍ ရွှေကျင်မြို့ခံတစ်ဦးက “စစ်သားတွေ ရွာထဲ တွေဘက်ကို စစ်ကြောင်းထိုးပြီး ကင်းပုန်းဝတ်နေတာ ၂ ပတ်ကျော် လောက်ရှိပြီး။ တောင်ကုန်းစခန်းဘက်က လက် နက်ကြီးထုတာ အိမ်တွေရော လူတွေရော ထိတယ်။ လိုင်းတွေလည်း မကောင်းတော့ တစ်နေရာကိုဆက်သွယ်ရင် နေရာလိုက်ရှာရတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် အသက် ၄၅ နှစ်အရွယ် ငမန်း နှင့် အသက် ၃၈ နှစ်အရွယ် စည်သူဖြိုး ဆိုသူတို့ သက်ဖြတ်ခံခဲ့ရပြီး အသက် ၅၆ နှစ်အရွယ် ဒေါ်နုနုရီ၊ အသက် ၃၈ နှစ်အရွယ် ဒေါ်မိုးစန္ဒာ နှင့် အသက် ၆၄ နှစ်အရွယ် ဦးထွန်းဝေတို့၏ ခြေထောက်နှင့်ပေါင်ရင်းနားထိခိုက်ခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် အသေးစိတ် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဧပြီလ(၂၆)ရက်နေ့မှ စတင်ပြီး ကေအဲန်ယူ ထိန်းချုပ်ရာ ဆောထိ (ရွှေကျင်) မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျောက်တန်း၊ အင်္ဂနီ၊ သရက်ချောင်း၊ ပဇင်း ပင်ကျောက်ပုံစိတ်နှင့် ရုံးဒိုင်းစသည့် ကျေးရွာ(၅)ရွာမှ ကျေးရွာ (၅)ရွာရှိ အိမ်ထောင် စု(၁,၁၄၈)စုမှ ဒေသခံ စုစု ပေါင်း(၅,၈၁၉)ဦးခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ရှောင်ကူညီသူများက ဆိုသည်။
အလားတူ ကေအဲန်ယူ၏ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းကိုလည်း မေလ(၅)ရက်နေ့က ပိန်းဇလုပ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) တပ်ရင်းမှ (၁၅၅ မမ) ဟာဝှစ်ဇာ လက်နက်ကြီး(၈)လုံးဖြင့် ပစ်ခတ်မူကြောင့် ပဒဲကော၊ ဘောကထာကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး မူကြိုကျောင်း(၁)လုံးထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။



















