မေလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့ နယ်ရှိ တိုက်ပွဲများကြောင့် ဖားအံခရိုင်၊ နဘူးမြို့နယ် နောင်တပွဲရွာအတွင်း စစ်ဘေးရှောင်နေထိုင်ရသော ကော့ကရိတ်စစ်ဘေးရှောင်များ လက်ရှိနေထိုင်ရာမှ ထပ်မံပြောင်းရွှေ့ရမည်ကို စိုးရိမ်ပူပန်နေရကြောင်း စစ်ရှောင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက မြို့နယ်တာဝန်ရှိသူများမှ အစည်းအဝေးခေါ်ယူ၍ စစ်ရှောင်များ ၎င်းတို့စီစဥ်ပေးသည့်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် ပြောဆိုသွားသည့်အပေါ် နောင်တပွဲရွာသို့ရောက်ရှိနေသော စစ်ဘေးရှောင်များက မိမိတို့လုံခြုံရေးနှင့် ကလေးများပညာရေးအတွက် ကေအဲန်ယူစီစဥ်ပေးသည့်နေရာသို့ ပြောင်းရွှေ့နေထိုင်ရန် စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။
ယခုရွှေ့ပြောင်းရမည့်နေရာတွင် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းအပါအဝင် ဆေးဝါးနှင့် ရိက္ခာ ထောက်ပံ့မှုအပိုင်းအထိ ကေအဲန်ယူအနေဖြင့် စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိမိတို့ အစီအစဥ်အတိုင်းသာ နေထိုင်လိုသော စစ်ဘေးရှောင်များအနေဖြင့်မူ ရိက္ခာရရှိနိုင်တော့မည် မဟုတ်ကြောင်း သိရှိရသော်လည်း အထက်ပါစိုးရိမ်ချက်ကြောင့် လက်ရှိနေရာမှ မပြောင်းရွှေ့လိုဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမတို့က အခုပြောင်းခိုင်းတဲ့နေရာကို တစ်ခါမှမရောက်ဖူးတော့ မသွားရဲဘူး။ လိုက်မနေချင်ရင် ကိုယ့်ရွာကိုယ်ပြန် ဒီရွာမှာပဲနေမယ်ဆိုရင် ထောက်ပံ့ကြေးမရဘူး။ ရိက္ခာဝေတာမရဘူး ။ ကိုယ့်ဘာသာကိုယ်လုပ်စားရမယ် အဲ့လိုသိရတယ်။ သူတို့ထားတဲ့နေရာက တောထဲမှာလည်းဖြစ်တယ် ။ ကျမတို့မှာ ကလေးတွေရော သမီးပျိုတွေရောပါတော့ နေလို့၊ သွားလို့အဆင်မပြေဘူး ။ ကလေးတွေပညာရေးလည်းရှိသေးတယ်” ဟု ၎င်းစစ်ရှောင်အမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။
(၅)လတာ တိုက်ပွဲဖြစ်ပွားနေသော ကော့ကရိတ်မြို့နယ်တွင် တစ်မြို့နယ်လုံးအတိုင်းအတာအားဖြင့် စစ်ဘေးရှောင်နေရခြင်းဖြစ်ပြီး နောင်တပွဲရွာတွင်ပင် စစ်ရှောင်ဦးရေ (၈၀၀) ဝန်းကျင်ရှိကြောင်း စစ်ရှောင်ကူညီနေသူများ၏ လူစာရင်းကောက်ခံချက်အရ သိရသည်။
ထို့အပြင် နေရာရွှေ့ပြောင်းခိုင်းသည့် မြို့နယ်တာဝန်ရှိသူများ၏စီမံချက်သည် စစ်ရှောင်များအတွက် ရိက္ခာရရှိ၊ ပေးဝေမှုအပိုင်းနှင့်ပတ်သက်နိုင်သလို အချို့စစ်ရှောင်များမှာလည်း မိမိတို့အစီအစဥ်ဖြင့်သာ နေထိုင်မည်ဟု ပြောဆိုနေကြကြောင်း နောင်တပွဲရွာမှစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

၎င်းစစ်ရှောင်ကူအမျိုးသားက “ကျနော်တို့မြင်တာကတော့ စားနပ်ရိက္ခာလာပေးတာ သူတို့ကို အကြောင်းမကြားလို့ဆိုပြီးတော့ သူတို့ဆီတင်ရမယ်။ သူတို့ကနေပြန်ခွဲပေးမယ်ဆိုတာမျိုးပေါ့။ လှူတဲ့သူတွေလာတဲ့ဟာကို သူတို့ဆီကအရင်ဝင် အဲ့လိုသဘော။ ဘယ်သူမှတော့ကိုယ့်အိမ် ပစ်ပြီးမသွားချင်ကြဘူးလေ၊ စစ်ရှောင်တွေကတော့ တချို့ကတော့ ဒီမှာပဲနေမယ် မသွားဘူး ။ ဘာမှမပေးလည်းမရှိရှိတာနဲ့စားမယ်ဆိုတာတွေရှိတယ်” ဟု ပြောသည်။
သို့သော် ကေအဲန်ယူ၏ မြို့နယ်တာဝန်ရှိသူများအနေဖြင့်မူ ပြန့်ကျဲနေထိုင်နေသည့် စစ်ဘေးရှောင်များကို ရိက္ခာပေးဝေရာတွင် အခက်အခဲများစွာရှိသောကြောင့် ယခုလိုသတ်မှတ်နေရာထားရှိ၍ ပြောင်းရွှေ့နေ ထိုင်ကြရန် စီစဥ်ပေးခြင်းဖြစ်ပြီး ကျောင်းနေအရွယ်ကလေးများ ပညာရေးအတွက် အနီးကပ်တာဝန်ရှိသူ အပါအဝင် ကေအဲန်ယူအနေဖြင့်ရော ဝိုင်းဝန်းစဥ်းစားရမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ပြောသည်။
ပဒိုစောကလယ်စေးက “ကျေးရွာ၊မြို့နယ် အုပ်ချုပ်ရေးခေါင်းဆောင်တွေကတော့IDP နဲ့ပတ်သက်လို့ ရိက္ခာပေးဝေဖို့ စစ်ရှောင်တွေက တအားကိုပြန့်ကျဲနေထိုင်တဲ့အပေါ်မှာ အခက်အခဲနည်းနည်းရှိတယ်။ ရိက္ခာဝေပြီးနောက် ပိုင်း ပြန်လည်ရှာဖွေရတာခက်တယ်။ ပညာရေးအခက်အခဲဖြစ်လာတယ်ဆိုရင်လည်း တာဝန်ရှိတဲ့ခေါင်းဆောင်တွေရော ကျနော်တို့အဖွဲ့အစည်းကရော ဝိုင်းစဉ်းစားရမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ထို့အတူ မိမိတို့နေရပ်သို့ပြန်လည်နေထိုင်လိုသူများကို ကေအဲန်ယူအနေဖြင့် ပိတ်ပင်တားမြစ်၍မ ရသော်လည်း လက်ရှိအခြေအနေအရ စစ်ဘေးရှောင်များအား ကောင်းမွန်စွာရိက္ခာပေးဝေနိုင်ရေးနှင့် ၎င်းတို့၏လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများအား စနစ်တကျလုပ်ဆောင်နိုင်ရန်က အဓိကလိုအပ်ကြောင်း ကေအဲန်ယူပြောခွင့်ရက ဖြည့်စွက်ပြောပြသည်။
ဌာနဆိုင်ရာနှင့် စစ်အုပ်ချုပ်ရေးပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသော ကော့ကရိတ်မြို့ ရှိစစ်ကောင်စီက မြို့နေဒေသခံများ နေရပ်ပြန်နေထိုင်နိုင်ကြောင်း ဖိတ်ခေါ်ထားသော်လည်း မြို့အပြင် ဘက်တွင်မူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုနေ့စဥ်ဖြစ်ပွားလျက်ရှိကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။



















