Home သတင်း ကော့ကရိတ်မြို့နယ်ရှိ ဒေသခံများကို မိုင်းအန္တရာယ်အသိပညာပေး သင်တန်းများပေး

ကော့ကရိတ်မြို့နယ်ရှိ ဒေသခံများကို မိုင်းအန္တရာယ်အသိပညာပေး သင်တန်းများပေး

298

မေလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ဒေသခံပြည်သူများကို မိုင်းဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ကရင်ပြည်တွင်းနေရပ် စွန့်ခွာသူများဆိုင်ရာကော်မတီ(CIDKP)မှ‌ မေလ ၂၅ရက်နေ့မှ ၂၇ရက်နေ့အထိ (၃)ရက်တာသင်တန်းများ လာရောက်ပို့ချပေးနေကြောင်း ဒေသခံပြည်သူများ က ပြောသည်။

လက်ရှိနယ်မြေအတွင်း စစ်ပွဲပဋိပက္ခကာလတွင် ဒေသခံပြည်သူများ မိုင်းဘေးအန္တရာယ်မှ ရှောင်ရှားနိုင်ရန် ယခု လို မိုင်းပညာ‌ပေးသင်တန်းများလာရောက်မျှဝေပေးရခြင်းဖြစ်ကြောင်း သင်တန်းဆရာတစ်ဦးက ယခုလိုပြော သည်။

“ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ပြည်သူလူထုဟာ မိုင်းဘေးအန္တရာယ်ကို အထူးဂရုပြုရမယ်။ မိုင်းဘေး အန္တရာယ် က‌နေ ရှောင်ရှားနိုင်ဖို့ မိုင်းပညာပေးရခြင်းဖြစ်တယ်။ ကိုယ်သိကိုယ်တတ်လိုက်တဲ့ ပညာလည်း တစ်ခြားသူကို မျှဝေပေးဖို့လိုတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

အလားတူ ကျေးရွာအတွင်း တိုက်ပွဲများ မကြာခဏဖြစ်ပွားသဖြင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်း အကြွင်း အကျန်များရှိနေပြီး ယခုလိုမိုင်းဘေးအန္တရာယ်ကို သိရှိထားလျှင် ကြိုတင်ကာကွယ်မှုပြုနိုင်ပြီး အခြားသူများကိုပါ ပြန်လည်မျှဝေ၍ရကြောင်း သင်တန်း တက်ရောက်လာသူများကပြောသည်။

သင်တန်းတက်ရောက်လာသူတစ်ဦးက “ကျနော်တို့ရွာမှာ တိုက်ပွဲတွေမကြာခဏဖြစ်တော့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေအများကြီးရှိတယ်။ အခုသင်တန်းတက်တော့ မိုင်းဟာ ဘယ်လိုလဲ၊ ဘယ်လိုအန္တရာယ် ရှိလဲ၊ ဘယ်လိုရှောင်ရှားရမလဲ ပိုပြီးသိလာတယ်။ ဒီလိုသိ‌တော့ ကိုယ့်အတွက် အန္တရာယ်မှ ကာကွယ်နိုင်သလို အခြားမသိသေးတဲ့ ရွာသားတွေ ကလေးတွေလည်း ပြန်လည်မျှဝေလို့ရတယ်”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ မိုင်းအသိပညာပေးသင်တန်းကို ခရိုင်အဆင့် CIDKP နှင့် မြို့နယ်အဆင့် CIDKP အဖွဲ့တို့ ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်ရှိ စစ်ရေးပဠိပက္ခဖြစ်ပွားရာ ကျေးရွာ(၁၅)ရွာမှ ကျေးရွာဒေသခံ ကိုယ်စားလှယ်များကို သင်တန်းပေးပြီး ၎င်းတို့အနေဖြင့် လက်ဆင့်ကမ်း ပြန်လည်မျှဝေမှုများ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သင်တန်း တက်ရောက်သူများထံမှ သိရသည်။

လက်ရှိ အဆိုပါ ကော့ကရိတ်ဒေသအချို့ကို စစ်ကောင်စီမှ ပြန်လည်နယ်မြေစိုးမိုးထိန်းချုပ်ထားမှု ရှိထား သော် လည်း နှစ်ဖက် စစ်ရေးတင်းမာမှုများဆက်ရှိနေသေးပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနိုင် သေး၍ ဒေသခံအချို့လည်း နေရပ်မပြန်နိုင်သေးဘဲ ယနေ့ အချိန် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။