Home သတင်း မယ်လဒုက္ခသည်စခန်းတွင် ရေရှားပါးမှု စတင်ကြုံတွေ့နေရ

မယ်လဒုက္ခသည်စခန်းတွင် ရေရှားပါးမှု စတင်ကြုံတွေ့နေရ

680

ဧပြီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် နွေရာသီရေရှားပါး မှု ပြဿနာ စတင်ကြုံတွေ့နေရပြီး ရပ်ကွက်အချို့တွင် နှစ်ရက်တစ်ကြိမ်အလှည့်ကျရေပေးဝေနေရကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

နွေရာသီရောက်ရှိတိုင်း လူဦးရေများပြားသည့် မယ်လဒုက္ခသည်စခန်းတွင် ရေရှားပါးမှုပြဿနာ နှစ်စဉ်ကြုံ တွေ့နေရကာ ယခုနှစ်တွင် ယခင်အပတ်မှစတင်ကာ ရေရှားပါးမှုပြဿနာ စတင်ကြုံတွေ့ရပြီး ရပ်ကွက် အလိုက်အလှည့်ကျရေဖြန့်ဝေပေးနေရကြောင်း စခန်းအတွင်းရေးမှူးဖြစ်သူ စောဆန်းဒေးက ကေအိုင်စီသို့ ပြောသည်။

၎င်းက“ရေကနည်းလာတော့ ရပ်ကွက်ထဲ ဖြန့်တဲ့ရေအားက သိပ်မရှိတော့ဘူး။ ရေအားမရှိတာ တစ်ပတ်ခန့် တော့ရှိပြီး။ အခုက အစပဲရှိသေးတယ်၊ နောက်ဒီထက် ရေနည်းလာမယ်။ တချို့ရပ်ကွက်တွေကတော့ တစ်ရက်တစ်ကြိမ်တော့ ရသေးတယ်။ ဒါပေမယ့် တချို့ရပ်ကွက်တွေက ရေရောက်ဖို့ ခက်ခဲတော့ နှစ်ရက်တစ်ခါတော့ အဲလိုပေးရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ရေရှားပါးမှု ကြုံတွေ့လာရချိန်တွင် စခန်း၌ ငွေကြေးတတ်နိုင်သူအချို့သည် စခန်းအပြင်မှ စီးပွားဖြစ်ရေ သွယ်တန်းသူများထံ တစ်လကို ၂၀၀ ဘတ်ပေးဆောင်ကာ ရေဝယ်ယူသုံးစွဲနေရကြောင်းလည်း သိရှိရသည်။

လူဦးရေထူထပ်သည့် မယ်လဒုက္ခသည်စခန်းထဲ၌ ယခုလို နွေရာသီကာလတွင် ရေရှားပါးမှုအပြင် မီးဘေး အန္တရာယ်ကာကွယ်မှုများကိုလည်း ကြိုတင်ပြင်ဆင်ထားရကာ ညအချိန်တွင် မီးဘေး အန္တရာယ် ကင်းစင်ရေးအတွက် စခန်းလုံခြုံရေးအဖွဲ့ဝင်များက အလှည့်ကျ ကင်းလှည့်ကြည့်ရှု ပေးနေရကြောင်းလည်း စခန်းတာဝန်ရှိသူများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူ၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းနှင့် အမှတ် ၁ ၊ အမှတ် ၂ ကရင်နီဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်းပေါင်း ၉ ခုရှိပြီး လူဦးရေ ကိုးသောင်း ကျော် ခိုလှုံလျက်ရှိသည်ဟု ကရင်ဒုက္ခသည်ကော်မတီ-KRC ပြုစုထားသော စာရင်းအရ သိရှိရသည်။

အဆိုပါ ဒုက္ခသည်စခန်းရှိ နေအိမ်အများစုမှာ ဝါးထရံအင်ဖက်မိုးဖြင့် ဆောက်လုပ်နေထိုင်ကြပြီး နေအိမ် တစ်အိမ်နှင့်တစ်အိမ် လွန်စွာနီးကပ်သည့်အတွက် နွေရာသီရောက်တိုင်း မီးဘေးအန္တရာယ်ကို နှစ်စဉ်လိုလို ကြုံတွေ့ရလျက်ရှိသည်။

ထိုင်းနိုင်ငံမဲ‌ဆောက်မြို့ ‌မြောက်ဘက် ကီလိုမီတာ ၆ဝ အကွာအ‌ဝေးရှိ မယ်လဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် မြန်မာဒုက္ခသည်စခန်း ၉ ခုအနက် အကြီးဆုံးစခန်းတစ်ခုဖြစ်ပြီး ဒုက္ခသည် လေးသောင်းခန့် ခိုလှုံလျက်ရှိသည်ဟု သိရှိရသည်။