Home သတင်း ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး လသားအရွယ် ကလေးအပါအဝင် ၉ ဒဏ်ရာရ

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး လသားအရွယ် ကလေးအပါအဝင် ၉ ဒဏ်ရာရ

686
Photo: CJ

ဧပြီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်/တပ်မဟာ(၃) လယ်ဒို (ကျောက် ကြီး)မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၆ လသား အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ဘောကထာ၊ ပဒဲကော ကလော မော်ခို့ စသည့် ကျေးရွာများသို့ ဂျက်တိုက်လေယာဉ်၊ ဟယ်လီကော်ပတာများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် သည့်အတွက် စစ်ရှောင်နေကြသော ယခုလို အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နယ်မြေခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခင်အချိန်တွင် ကလောမော်ခို၊ ဘောကထာနှင့် ပဒဲကောစသည့်ကျေးရွာများတွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ- ၂၆၄) တပ်က ဟောင်ဝှစ်ဇာ လက်နက် ကြီး၊ ၆၀ မမလက်နက်ကြီးများနှင့် အကြိမ်ပေါင်း ၃၀ ထက်မနည်း ပစ်ခတ်ခဲ့သေးကြောင်းလည်း နယ်မြေခံ KNLA တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “လေယာဉ်နဲ့ လာမပစ်ခင်မှာ စစ်ကောင်စီစခန်းကရွာထဲကို ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ပစ်လို့ အဲမှာရှိတဲ့ လူထုတွေကရွာထဲမှာမနေရဲတော့ဘဲ တိမ်းရှောင်နေတာ။ အဲဒါကို လေယာဉ်နဲ့လာပစ်တော့ ထိသွား ကြတာဖြစ်တယ်။ သူတို့ပစ်တာက အဓိက လူထုနေတဲ့ ရွာတွေကိုပဲ ပစ်မှတ်ထား ပစ်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းနှင့် လူနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရကာ အရပ်သားပြည်သူနေထိုင်သည့် ကျေးရွာများအတွင်း လက်နက်ကြီး မကြာခဏပစ်ခတ်သည့်အတွက် တိမ်းရှောင်နေရသည့် စစ်ရှောင်များ၏ ကျန်ရှိသည့် စားနပ်ရိ က္ခာနှင့်ပစ္စည်များကို စစ်ကောင်စီတပ်မှ ခိုးယူသွားမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း နယ်မြေခံ KNLA က ပြောသည်။

“ဘောကထာမှာရှိတဲ့ စစ်ကောင်စီတပ်က ဒေသခံလူထုအတွက် အနှောင့်အယှက်ဖြစ်စေတယ်။ လူထုကို ကြောက် လှန့်အောင်လည်း ခြိမ်းခြောက်မှုတွေလုပ်တာရှိတယ်။ သူတို့ဆီမှာ ရိက္ခာတွေမရောက်တော့ ရွာထဲကို ဝင်ပြီးနေ အိမ်တွေဖောက်၊ လူထုပစ္စည်းတွေကိုခိုးယူတာတွေရှိတယ်။”ဟု အဆိုပါ KNLA တာဝန်ရှိသူက ဆက်ပြောသည်။

ကေအဲန်ယူ ထိန်းချုပ်သည့်နယ်မြေများအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ်မှု နေ့စဉ်ပြုလုပ် လျက်ရှိ သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူနေထိုင်သည့် ကျေးရွာ၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများကိုလည်း ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လျက်ရှိကြောင်းလည်း ဒေသတွင်း အဖွဲ့အစည်းများ၏ ပြုစုထားသောမှတ်တမ်းအချက်အလက်အရ သိရသည်။