Home သတင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ် (၆၀)ဦးကျော်ပါဝင်သည့် ဆွာအရှေ့ဘက်ရှိ စစ်ရှောင်ထောင်ချီ စားနပ်ရိက္ခာအကူအညီလိုအပ်

ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ် (၆၀)ဦးကျော်ပါဝင်သည့် ဆွာအရှေ့ဘက်ရှိ စစ်ရှောင်ထောင်ချီ စားနပ်ရိက္ခာအကူအညီလိုအပ်

659
Photo: CJ

ဧပြီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၅)နှစ်အောက် ကလေးငယ်(၆၀)ဦးပါဝင်သည့် ထောင်နှင့်ချီသော စစ်ဘေး ရှောင်များသည် စစ်ရှောင်ချိန်တစ်ပတ်ကျော်ကြာမြင့်လာပြီဖြစ်၍ စားနပ်ရိက္ခာလိုအပ်လာကြောင်း ၎င်းတို့အား အကူအညီပေးနေသူထံမှ သိရသည်။

ပြီးခဲ့သည့်အပတ်က ဆွာမြို့အရှေ့ ခြမ်းတွင် ထိတွေ့တိုက်ပွဲနှင့်လေကြောင်းပစ်ခတ်မှုများဖြစ်ပွားသဖြင့် ရွာပေါင်း(၈)ရွာရှိ ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်နေရသည်တွင် အချို့ကျေးရွာများအတွင်း စစ်တပ် တပ်စွဲနေမှုကြောင့် နေအိမ်မပြန်နိုင်ကြသေးသလို ဧပြီလ(၂၂)ရက်နေ့က ကျွန်းကုန်း၊ ပိတောက်ကုန်း၊ အင်းကြီးပေါက်၊ ရေငံ အစရှိသောကျေးရွာများသို့ စစ်ကောင်စီ စစ်ကြောင်းဆက်ထိုးသဖြင့် စစ်ရှောင်အရေအတွက် ထပ်တိုးလာနေသည်။

၎င်းတို့အနက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်(၇)ဦးနှင့် အသက်(၅)နှစ်အရွယ် ကလေးငယ် (၆၀)ဦး ကို စာရင်းလက်ခံရရှိထားပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်ကူအမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ရှောင်တွေအများကြီးပဲ အကူအညီမရကြဘူး၊ ၁ ပတ်လောက်ရှိပြီ။ ရက်ရှည်လာတော့ ရွာခံတွေလည်းမကူနိုင်တော့ဘူး။ ကျမတို့လောလောဆယ်ပြုစုထားတဲ့ရွာ(၉)ရွာကစာရင်းအပြင် ဒီထက်ပိုလာတာတွေလည်း ရှိသေးတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေလည်းပါတော့ သူတို့ကို တောင်ငူဘက်ပို့မလို့လုပ်နေပါတယ်”ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ယခင်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် တိမ်းရှောင်လာသော စစ်ဘေးရှောင်များမှာ ဘေးလွတ်ရာ ကျေးရွာများတွင် ရောက်ရှိနေပြီး ယခင်အပတ်ကတည်းက စစ်ရှောင်လာရသော စစ်ရှောင်အချို့မှာ စစ်တပ်ထွက်ခွာသွားသည့်နောက် ၎င်းတို့ကျေးရွာအတွင်း ပြန်နေထိုင်ကြ‌ကြောင်း သိရသည်။

နောက်ထပ်စစ်ရှောင်ကူအမျိုးသားတစ်ဦးကလည်း “ဟိုရက်က ခင်တန်း၊ ကိုးတန်းဘက် မှာတပ်စွဲနေတဲ့စစ်တပ်က အရှေ့ဘက်ဆက်တိုးသွားလို့ အိမ်ပြန်နေတဲ့ အိမ်ပြန်ကြည့်တဲ့တချို့စစ်ရှောင်တွေတော့ရှိတယ်။ စစ်တပ်က အခု ပိတောက်ကုန်းတို့၊ ရွာငံဘက်တို့ကို စစ်ကြောင်းဆက်ထိုးနေတော့ အဲဒီကလူတွေကပြေးရပြန်ရော ဆိုတော့ စစ်ရှောင်ထောင်ဂဏန်းက မလျော့ဘူး။ ကလေးတွေလည်း အများကြီးပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်တပ်စွဲထားစဥ်က နေအိမ်ပြန်လာကြသည့်ရွာသားများကို ဖမ်းဆီးခြင်းနှင့် ပိတ်မိကျန်ရစ်သူများ ပစ်သတ်ခံရခြင်းတို့ကြောင့် လုံခြုံရေးအခြေအနေအရ ဆက်လက်တိမ်းရှောင်နေသေးသည့် စစ်ရှောင်အများစုမှာမူ မိမိအစီအစဥ်ဖြင့်သာ နေထိုင်စားသောက်ရပြီး အကူအညီမရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ရေတာရှည် ဆွာအရှေ့ဘက်ခြမ်းတိုက်ပွဲနှင့် စစ်တပ်၏လေကြောင်းနှင့်လက်နက်ကြီးသုံး ပစ်ခတ်မှုများအတွင်း ဒေသခံ(၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး စစ်ကောင်စီ လက်နက်ငယ်ဖြင့်ပစ်သတ်မှုကြောင့် (၄)ဦး သေဆုံးရကာ (၅) ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများက ပြောဆိုသည်။