ဧပြီလ ၄ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီ၏ လေယာဉ်ပျံဝဲမှု နေ့စဉ်လုပ်ဆောင် သည့်အခြေအနေကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများအနေဖြင့် ယခုအချိန်ထိ နေရပ်မပြန်ရဲကြ သေးကြောင်း ၎င်းတို့အား အနီးကပ်ကူညီသူများက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၉ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သောကြောင့် ရေဖြူမြို့နယ်အတွင်းရှိ ကျွဲတလင်းရွာ၊ လော့သိုင်းရွာ၊ ရားဖူးရွာနှင့် အလယ်စခန်းရွာများမှ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
စစ်ဘေးရှောင်များအား အနီးကပ်ကူညီသူတစ်ဦးက “ပြီးခဲ့တဲ့ အပတ်ကတည်းက ထွက်ပြေးနေရတာ။ ပြေးစရာ နေရာမရှိတော့ တောတွေထဲမှာ ရှောင်တိမ်းနေရတယ်။ လေယာဉ်ကလည်း ဒီနှစ်ထဲမှာ သုံးထားတာ တွေရှိတော့။ အဲ့လို အခက်အခဲတွေတော့ ရှိတယ်။ စစ်ဘေးလာရှောင်ရတဲ့ရွာတွေက ရွာလေးရွာလောက်က ဆိုတော့ ဒေသခံထောင်ကျော်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသည့် ရေဖြူဒေသခံစစ်ရှောင်များသည် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း အဆိုပါ စစ်ရှောင်ကူညီသူများက ပြောသည်။
“အမြဲတမ်းစစ်ရှောင်ရော၊ ယာယီစစ်ရှောင်တွေ ရောရှိနေတော့ စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိတယ်။ စကစ က လေကြောင်းနဲ့ လာတိုက်မှာကို ကြောက်နေတော့ အခုထိ မပြန်ရဲကြဘူး။ နေရာထိုင်ခင်းအခက်အခဲတွေ အခုထိ ရှိနေတုန်းပဲ။”ဟု နောက်ထပ် စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကလည်း ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်း တနင်္သာရီတိုင်းရှိ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့ နယ်နှင့်တနင်္သာရီမြို့နယ်များတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် နေအိမ်မီးလောင်ပျက်စီးမှုများနှင့် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများ ပြောဆိုချက် အရသိရသည်။



















