Home သတင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်လုပ်ကြံခံရဟု သတင်းအမှားများ ဖြန့်ဝေနေ

ရေးဘီလူးအဖွဲ့ခေါင်းဆောင်လုပ်ကြံခံရဟု သတင်းအမှားများ ဖြန့်ဝေနေ

1021
Photo: Social Media

ဧပြီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော ရေးဘီလူးအဖွဲ့ခေါင်းဆောင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရကြောင်း ဧပြီလ(၂၃) ရက်၊ ယမန်နေ့တွင် စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ဓာတ်ပုံ နှင့်တကွ သတင်းအမှားများ ဖြန့်ဝေနေကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

၎င်းကို အလှူငွေကိစ္စကြောင့် အမည်မသိ လူ(၃)ဦးမှ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဓါတ်ပုံတစ်ပုံနှင့် တကွ ဖြန့်ဝေခဲ့ခြင်းအပေါ် ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ယနေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် သတင်းအမှားသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းချက် ထုတ်ပြန်လာခဲ့သည်။

အဆိုပါ ပျံ့နှံ့လာသည့် ဓာတ်ပုံသည် ရေးဘီလူးအဖွဲ့ခေါင်းဆောင်နှင့် ရုပ်ချင်းဆင်တူသည့် တိုက်ပွဲအတွင်း ကျဆုံး သွားသော စစ်ကိုင်းတိုင်းဘက်မှ CDM ရဲဘော်တစ်ဦးဖြစ်ပြီး ရုပ်ချင်းဆင်တူသည့်အပေါ် ယခုကဲ့သို့ သတင်းအမှား ဖြန့်ဝေခံရခြင်းဖြစ်သည်ဟု ရေးဘီလူးခေါင်းဆောင်က ပြောသည်။

ယခုလို စစ်ကောင်စီလော်ဘီ မီဒီယာများက သတင်းအမှားများ လိုက်လံဖြန့်ဝေခြင်းမှာ စစ်တပ်မှ ပြည်သူများအား စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခြင်းသာဖြစ်ပြီး မြေပြင်သာမက Online ကိုအသုံးပြု၍ တိုက်ခိုက်သည့် တိုက်ပွဲ ဖြစ် ကြောင်း ဝါရင့်သတင်းစာဆရာတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

“တယ်လီဂရမ်တွေက စစ်ကောင်စီဘက်က သူတို့လုပ်တာပါလို့ တိုက်ရိုက်တာဝန်ခံ စရာမလိုဘူးပေါ့လေ။ မလို ဘူးဆိုတာ လူတိုင်းကတော့ သိနေကြတယ်။ တယ်လီဂရမ်တွေရဲ့အပေါစားဆန်ဆန်ဝါဒဖြန့်တဲ့ သတင်းအမှား တွေကို တင်တဲ့သူတွေကို လူတိုင်းကတော့ နောက်ကွယ်မှာ ဘယ်သူရှိလည်း ဆိုတာသိတယ်။ ဒီသတင်းတင်မက နိုင်ငံရေးပေါ်လစီနဲ့ဆိုင်တဲ့ ဟာတွေထိကို ပြောချင်ရာပြောကြတယ် ။ အပေါစား ဝါဒဖြန့်တဲ့ ဟာတွေလို့ တော့ ပြောရမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: Social Media

ထို့အပြင် သတင်းအမှားများသည့် နယ်ပယ်ပေါင်းစုံတွင်ရှိသော်လည်း ဒေသခံပြည်သူလူထုများ အနေဖြင့် ယုံကြည် စိတ်ချရသည့် သတင်းဌာနများမှ တရားဝင်ထုတ်ပြန်သော သတင်းများကိုသာ လေ့လာဖတ်ရှုကြရန် လိုကြောင်း ၎င်းသတင်းစာဆရာက တိုက်တွန်းပြောဆိုသည်။

အလားတူ ရေးဘီလူးခေါင်းဆောင်အပါအဝင် အခြားသော တိုက်ပွဲဝင် တော်လှန်ရေးခေါင်းဆောင်တချို့ကိုလည်း ထိခိုက်သေဆုံးသွားသည်ဆိုသော သတင်းအမှားများကို စစ်ကောင်စီဝါဒဖြင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဆက်တိုက်ဆိုသလို ဖြန့်ဝေလျက်ရှိပြီး ၎င်းသတင်းအမှားများကို အုပ်စုဖွဲ့၍ ပြန်လည် မျှဝေခြင်းများကြောင့် ထောင်နှင့်ချီသည့် ဖြန့်ဝေဖော်ပြမှုများကို ဖြစ်ပေါ်စေသည်ကို တွေ့ရှိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလော်ဘီ မီဒီယာများအပြင် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်း Page ပေါင်းများစွာပေါ်ထွက်လာပြီး သတင်းတုသတင်းအမှားများဖြင့် ပြည်သူလူထုများအား သတင်း အမှားများဖြင့် တိုက်ခိုက်လျက်ရှိသည်ဟု သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။