Home သတင်း မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတား (၁) မြန်မာဘက်ကပိတ်ထားသဖြင့် ယာယီပတ်စ်ပို့နှင့် နေထိုင်အလုပ်လုပ်သူများ သက်တမ်းတိုးမရ ဖြစ်နေ

မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတား (၁) မြန်မာဘက်ကပိတ်ထားသဖြင့် ယာယီပတ်စ်ပို့နှင့် နေထိုင်အလုပ်လုပ်သူများ သက်တမ်းတိုးမရ ဖြစ်နေ

990
Photo: CJ

ဧပြီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီချစ်ကြည်ရေး တံတားအမှတ် (၁)ကို ဧပြီ ၂၁ ရက်မှစပြီး ယာယီပိတ်ထားသည့်အတွက် မြဝတီ-မဲဆောက်အသွားအလာ တစ်ပတ်နေထိုင်ခွင့်ယာယီပတ်စ်ပို့ဖြင့် နေထိုင်သူများခွင့်ပြုရက်ကျော်လွန်ကုန် ပြီး သက်တမ်းတိုးလက်မှတ်ရယူရန် တံတားပိတ်ထားသည့်အတွက် ရက်လွန်ဒဏ်ကြေးအဆမတန်ပေး ဆောင်ရ မည်ကို စိုးရိမ်ပူပန်နေကြရကြောင်း သိရှိရသည်။

တံတားကူးလက်မှတ် ဝန်ဆောင်မှုပေးသူတစ်ဦးက “တံတားပိတ်တာ ကြာလာလေ၊ ကျနော်တို့တစ်ပတ်ကဒ်တွေ ဒဏ်ကြေး၊ ရက်လွန်ကြေးပိုလာလေဖြစ်လာမှာ ကြောက်တယ်။ အခုကပတ်စ်ပို့အကြီးသမားတွေတော့ ဝင်လို့ ထွက်လို့ တုံးထုလို့ ရနေတယ်။ ကျန်တာတွေ မရဘူး။ အောက်ဂိတ်၊ လှေဂိတ်တွေက ခိုးကူးတာမျိုးနဲ့ပဲသွား နေရတယ်။ တစ်နှစ်စာ စာအုပ်ကလည်း တံတားက ပေးမဖြတ်တော့ အောက်ဂိတ်ကပဲ ထိုင်းဘက်အလုပ်သွား ဆင်းနေရတယ်။ အခုဒီနေ့ကျတော့ ထိုင်းဘက်က တံတားဖွင့်တယ်။ မြန်မာဘက်က တံတားမဖွင့်၊ လူပေးမ သွားဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ နယ်စပ်ဖြတ်သန်းခွင့် အခက်အခဲကြုံနေရသည့် အခြေအနေအပေါ် တံတားတာဝန်ရှိသူများက မည်သည့် အခြေအနေကြောင့် ယာယီတံတားပိတ်ထားသည့် အခြေအနေကို ထုတ်ပြန်ကြေညာခြင်းမရှိသလို စုံစမ်းမေးမြန်း သည့်သူများအား အကြောင်းတစ်စုံတစ်ရာ ပြောဆိုခြင်းမရှိသည့်အတွက် မဲဆောက်ဘက်နှင့် မြဝတီဘက်အခြမ်း တွင် ဖြတ်သန်းသွားလာခွင့်အား စောင့်ဆိုင်းနေသူ ရာချီရှိနေကြောင်း သိရှိရသည်။

Photo: CJ

“တံတားက ပိတ်ထားတယ်။ ကြော်ငြာတာမျိုးလည်း မရှိဘူး။ မတွေ့ဘူး၊ လက်မှတ်ကုန်လို့၊ စက်ပျက်နေလို့၊ ကွန်ပျူတာ ဆာဗာစနစ်တွေ ပြောင်းနေပြင်နေလို့ဆိုပြီး အဲဒီအနီးအနားက ဈေးဆိုင်တွေ၊ ကားသမားတွေကတော့ အမျိုးမျိုးပြောနေကြတယ်။ သူတို့က မြဝတီတံတားထိပ်မှာ အရပ်ဝတ်တွေနဲ့ သေနတ်တွေနဲ့ဆိုတော့ မေးမရဲ ကြဘူး။ ဘယ်အချိန်ဖွင့်မလဲလာထိုင်စောင့်နေကြရတယ်။ တစ်ပတ်တုံးထုဖို့ ၊ CI ပတ်စ်ပို့နဲ့ ပြန်ဝင်ဖို့ တုံးထုဖို့ လုပ်မရဘူးဖြစ်နေတယ် ”ဟု မြဝတီ -မဲဆောက် ကားမောင်းသူတစ်ဦးက ပြောသည်။

မြဝတီမြို့တွင် ဖြစ်ပေါ်နေသည့် စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး လတ်တလော အခြေအနေအရ စစ်ကောင်စီ တပ် BGF တပ်များ ပူးပေါင်းအုပ်ချုပ်ရေးလုပ်ဆောင်နေသည့်အပေါ် စစ်ကောင်စီရုံးများ၊ ဌာနများလုပ်ငန်း လည် ပတ်မှုမရှိဘဲ ကုန်သွယ်ရေးတံတားအမှတ်(၂) ဘက်တွင်ပါ နယ်စပ်ကုန်သွယ်မှုရပ်ဆိုင်းနေဆဲဖြစ်ကြောင်း သိရှိရသည်။