Home သတင်း မြဝတီမြို့ သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာကုန်းအား KNLA မဟာမိတ်ပူပေါင်းတပ် တိုက်ခိုက် သိမ်းပိုက်

မြဝတီမြို့ သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာကုန်းအား KNLA မဟာမိတ်ပူပေါင်းတပ် တိုက်ခိုက် သိမ်းပိုက်

850
Photo: Crd.

ဧပြီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ သင်္ဃန်းညီနောင်အခြေချ စစ်ဗျူဟာကုန်းအား ဧပြီလ ၅ ရက်၊ ယနေ့တွင် စစ်တပ်လေကြောင်း တိုက်ခိုက်မှုအဆက်မပြတ် ဗုံးကြဲနေသည့်အကြားမှပင် နေ့လည် ၂နာရီကျော်အချိန်က ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။

“သင်္ဃန်းညီနောင် စစ်ဗျူဟာကျပြီ။ နေ့လည် ၂ နာရီခွဲလောက်ပေါ့။ လေယာဉ်က Y12 က ဗုံးကြဲတဲ့ကြား ထဲကပဲ ရအောင်တက်လုံး တိုက်ကြတာလို့ သိရတယ်။ စစ်တပ်လေယာဉ်က သူတို့ စစ်ကောင်စီ ဗျူဟာ ကုန်းနေရာတွေပါမှားပြီး ကျပေါက်ကုန်တယ်။ ၁၂၀ မမ ဟောင်ဝှစ်ဇာ ၂ လက်ရတယ်။ ကျန်တာတွေ ပစ်ရှင်းနေတုန်းပဲ။ လေယာဉ်လည်း ဆက်တိုက်လာနေတယ်”ဟု စစ်မြေပြင်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

လတ်တလော သင်္ဃန်းညီနောင် စစ်ဗျူဟာစခန်းကျသွားသည့်ကိစ္စအား စစ်ကောင်စီထောက်ခံသူများ ဘက်မှစခန်းဆုတ်ပေးရသည်ဟု သတင်းဖြန့်ဝေမှုများတွေ့ရှိရသလို အမည်မဖော်လိုသူ KNLA တပ်မဟာ ၆ အရာရှိတစ်ဦးကလည်း သင်္ဃန်းညီနောင် ဗျူဟာကုန်းသိမ်းပိုက်ရရှိဖြစ်ပြီကြောင်း အတည်ပြု ပြောသည်။

လတ်တလော အခြေအနေနှင့်ပတ်သက်၍ မြဝတီမြို့ခံတစ်ဦးက “ မြဝတီမှာကစစ်တပ်ထောက်ခံတဲ့ သတင်းပေးအုပ်စုတွေရှိတယ်။ PDF အဖွဲ့တွေကို သတင်းထောက်ပြီး နေရာတွေကို ဗုံးကြဲဖို့၊ လက်နက် ကြီးပစ်ဖို့ စစ်တပ်ကို သတင်းပို့တာတွေရှိတယ်။ သူတို့က သင်္ဃန်းညီနောင် စစ်ဗျူဟာ သိမ်းခံရတာကို စစ်တပ်က ဆုတ်ပေးထားပြီး လေကြောင်းက စစ်ကူခေါ်ပြီး ပြန်သိမ်းမယ်ပုံစံရေးသား လှုံ့ဆော်တာ တွေရှိနေတယ် ” ဟု ပြောသည်။

ယခုလက်ရှိ ညနေ ၄ နာရီ အချိန်အထိ သင်္ဃန်းညီနောင် စစ်ဗျူဟာ သိမ်းပိုက်ခံရပြီးနောက် မြဝတီ မြို့ အဝင် ခြေလျင်တပ်ရင်း-ခလရ ၂၇၅ တပ်နေရာနှင့် တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်ပြီး လက်နက်ကြီး ကျည် များမြဝတီ မြို့အမှတ် ၅ ရပ်ကွက်၊ အမှတ် ၆ ရပ်ကွက်နှင့် တောင်ကလေးကွက်သစ်၊ ရွှေ့မြစန္ဒီ ကွက်သစ်နေရာများသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံနေအိမ်ခြံကွက်များမီးလောင်မှု ရှိနေကြောင်း သိရသည်။