Home သတင်း မြဝတီမြို့တွင် နောက်ဆုံးကျန်သော ခြေလျင်တပ်ရင်း ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ကြောင်း ကေအဲန်ယူ ထုတ်ပြန်

မြဝတီမြို့တွင် နောက်ဆုံးကျန်သော ခြေလျင်တပ်ရင်း ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ကြောင်း ကေအဲန်ယူ ထုတ်ပြန်

177
Photo: CJ

ဧပြီလ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိသော အာဏသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်း အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာ ကွယ် ရေးတပ်ဖွဲ့ (KNDO)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအဲန်ယူက တရားဝင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခလရ−၂၇၅ တပ်စခန်းအား ဧပြီလ (၈) ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ကာ ဧပြီလ (၁၁) ရက်နေ့ နံနက် (၄း၂၀) မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်နက်ခဲယမ်း အမြောက်အများအားသိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခလရ ၂၇၅ တပ်ရင်းသည် လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက် နိုင်ရန်အတွက် ခုခံတိုက်ခိုက်ခဲ့သေးသည်ဟုလည်း ကေအဲန်ယူက ပြောသည်။

ထို စခန်းသိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သည် ထိုင်း-မြန်မာနိုင်ငံငံ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်တွင် ရောက်ရှိလာကြပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ခိုလှုံခွင့်ရရှိရန် တောင်းခံနေလျက်ရှိသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်အချို့က ပြောဆိုကြသည်။

လက်ရှိအချိန်တွင် မြဝတီမြို့ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီအကျွင်းအကျန်များအား ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်၍ ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်အသိပေးအပ်ကြောင်းလည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။