Home သတင်း မြန်မာနိုင်ငံ၏ စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှိ တက္ကသိုလ်အသီးသီးမှ ပညာရှင်များ ထိုင်းအစိုးရသို့ အိတ်ဖွင့်စာပေးပို့

မြန်မာနိုင်ငံ၏ စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှိ တက္ကသိုလ်အသီးသီးမှ ပညာရှင်များ ထိုင်းအစိုးရသို့ အိတ်ဖွင့်စာပေးပို့

1678
Photo: EPA

ဧပြီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ယခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက် မှစ၍ စစ်ကောင်စီက အသက်သွင်းလိုက်သော စစ်မှုထမ်း ဥပဒေကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခဆရာ၊ ဆရာမများအပါအဝင် ပညာရှင်(၆၉)ဦးက ထိုင်း အစိုးရသို့ အိတ်ဖွင့်စာပေးပို့ထားကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲပဋိပက္ခများ၊ စစ်မှုထမ်းဥပဒေနောက်ကွယ် စစ်ကောင်စီ၏ လုပ်ဆောင် ချက်များကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ၊ အထူးသဖြင့် ထိုင်းရောက်မြန်မာကျောင်းသားများ ထိုင်းနိုင်ငံ အတွင်း တရားဝင်ဆက်လက်နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် စိုးရိမ်ရင်ဆိုင်နေရသည့်အရေးနှင့်စပ်လျဥ်း၍ ပညာရှင်(၆၉)ဦးက ထိုင်းနိုင်ငံအစိုးရအပါအဝင် ဝန်ကြီးဌာနများအား အချက်(၅)ချက်ဖြင့် အိတ်ဖွင့်စာပို့ တောင်းဆိုထားခြင်းဖြစ်သည်။

နိုင်ငံတစ်ဝှမ်းလက်နက်ကိုင်ပဋိပက္ခများကြောင့် ကုလသမဂ္ဂစာရင်းအရ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂ သန်းကျော်ရှိနေသည်တွင် စစ်အင်အားယိုယွင်းလာသော စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းမှု ကြောင့် မြန်မာလူငယ်အများအပြား အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရရာနည်းလမ်းဖြင့် စွန့်ခွာနေကြသည်။

ထို့ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်၊ ပညာသင်ယူနေသော မြန်မာကျောင်းသားများ ၎င်းတို့ဗီဇာ သက်တမ်းကုန်ဆုံးပါက အထောက်အထားမဲ့နေထိုင်သူများဖြစ်လာမည့်အပြင် ၎င်းတို့လုံခြုံရေးကြောင့် ထိုင်းအစိုးရအနေဖြင့် non-refoulement (ဘဝလုံခြုံရေးခြိမ်းခြောက်မှုခံနေရသော မည်သည့်ခိုလှုံသူကိုမဆို ပြည်မနှင်ရ) စည်းမျဥ်းအတိုင်း စစ်မှုထမ်းရန်အကျုံးဝင်နေသည့် ထိုင်း‌ရောက်မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ အတွင်း ယာယီခိုလှုံခွင့်ပေးသင့်ကြောင်း ပညာရှင်များက တောင်းဆိုထားသည်။

ဆက်လက်ပြီး အိတ်ဖွင့်စာတွင် မြန်မာကျောင်းသားများ ထိုင်းနိုင်ငံအတွင်း လုံခြုံစွာနေနိုင်ရန် ဗီဇာသက် တမ်းတိုးပေးခြင်းအပြင် မြန်မာနိုင်ငံပြန်စရာမလိုဘဲ အလုပ်ဗီဇာမှ ကျောင်းသားဗီဇာ ပြောင်းခွင့်ရရေးနှင့် ငွေကြေးပိုင်း သက်သာဖူလုံစေရန် ကျောင်းတက်နေသည့်ကာလတစ်လျှောက် အလုပ်လုပ်ခွင့်ရရေး ထိုင်းအစိုးရ အနေဖြင့် ခွင့်ပြုပေးသင့်ကြောင်း ပညာရှင်များက ဆိုသည်။

ထို့အပြင် ပညာရေးအတွက် ထိုင်းနိုင်ငံသို့ အလည်ပတ်သွားလာလိုသူများ ဗီဇာလျှောက်ထားရာတွင် ပိုမိုအဆင် ပြေစေရန်နှင့် ပဋိပက္ခဖြစ်ပွားသည့်ဒေသရှိ လူကိုယ်တိုင်ဗီဇာမလျှောက်ထားနိုင်သူများအတွက် စနစ်ကျလုံခြုံ၍ ပိုမိုမြန်ဆန်သော အွန်လိုင်းဗီဇာလျှောက်ထားမှုကိုလည်း စဥ်းစားပေးသင့်သည်ဟု ထိုအိတ်ဖွင့်စာတွင် ဖော်ပြထားသည်။

မြန်မာကျောင်းသားလက်ခံသည့် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အသက်မွေးမှုသင်တန်း ကျောင်းများအ နေဖြင့်လည်း credit transfer စနစ်ဖြင့် ကျောင်းသားများလက်ခံရာတွင် ပိုမိုလွယ်ကူစေရန်နှင့် အဆင့်မြင့် ကျောင်းများမှ ဘွဲ့ရသည်အထိ အကူအညီဆက်လက်ပေးရန် လုပ်ဆောင်ရာတွင် အထူးသဖြင့် ဘွဲ့မရသေးသည့် CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) မြန်မာကျောင်းသားများအတွက် ထည့်သွင်းစဥ်းစားပေးသင့်ကြောင်း အိတ်ဖွင့် စာမှတဆင့် ပညာရှင်များက ထောက်ပြတောင်းဆိုသည်။

အလားတူ ထိုင်းအစိုးရအနေဖြင့် မြန်မာဘက်မှငြင်းဆိုလာသည့် ပတ်စ်ပို့နှင့် ဗီဇာသက်တမ်းတိုးရန် အခက်အခဲရှိ သူများအတွက် တရားဝင်ဆုံးဖြတ်ချက် ချမှတ်အကာအကွယ်ပေးသင့်ပြီး ကျောင်းသားများ၏ အသိပညာ၊ အတတ် ပညာအပေါ်မူတည်၍ ထိုင်းနိုင်ငံအတွင်း (၂) နှစ်ခန့်ယာယီနေထိုင်ခွင့်ပြုသည်ဖြစ်စေ၊ ပဋိပက္ခပြီးဆုံးချိန် အထိဖြစ်စေ၊ လုံခြုံစွာနေရပ်ပြန်နိုင်သည်အထိဖြစ်စေ ကျောင်းသားဗီဇာနှင့် အလုပ်ဗီဇာများ ရရှိရန် ခွင့်ပြုပေးသင့်သည်ဟုလည်း ဖြည့်စွက်ဖော်ပြထားသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကြေညာအပြီး ထိုင်းနိုင်ငံသို့ ဗီဇာလျှောက်ထားသူ ထောင်ချီရှိခဲ့သလို ရက်ပိုင်း အတွင်းမှာပင် စစ်ကောင်စီအုပ်ချုပ်မှုကင်းလွတ်သည့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများ အထူးသဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများသို့ မြန်မာလူငယ်များအလုံးအရင်းဖြင့် ထွက်ခွာနေကြသည်။