Home သတင်း မီတာခမပေးသဖြင့်ဟုဆိုကာ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများ ရွာလုံးကျွတ် လျှပ်စစ်မီးဖြတ်တောက်ခံနေရ

မီတာခမပေးသဖြင့်ဟုဆိုကာ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများ ရွာလုံးကျွတ် လျှပ်စစ်မီးဖြတ်တောက်ခံနေရ

669
Photo: CJ

ဧပြီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများတွင် မီတာခမပေးဆောင်သဖြင့်ဟုဆိုကာ ရွာလုံးကျွတ်အတိုင်းတာဖြင့် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ လျှပ်စစ်မီးဖြတ်တောက်ခံနေရသည်ဟု ကျိုက်ထိုနယ်ခံများက ပြောသည်။

ယခုဧပြီလ တတိယအပတ်မှစ၍ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအလိုက် အလှည့်ကျမီးဖြတ်တောက်ခံနေရပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ကြွေးကျန်ငွေစာရင်းပါဝင်သော မီတာစာရွက်များပေးဝေ၍ ရွာရှိတစ်ဦးမကျန် မီတာခပေးဆောင်နိုင်မှ လျှပ်စစ်မီးပြန်ပေးဝေမည်ဟု မီတာရုံးမှပြောဆိုလာကြောင်း ဒေသခံများက ပြောသည်။

လှည်းလမ်းကူးကျေးရွာအုပ်စုနေ ရွာခံတစ်ဦးက “မီတာမဆောင်လို့ဆိုပြီး ကျနော်တို့ရွာလုံးကျွတ် မီးဖြတ် ခံထားရတာ (၆)ရက်ရှိပြီ။ မီတာရုံးက မီတာလည်းလာမဖတ်ဘူး၊ မီတာစာရွက်လည်း အုပ်ကြီး ကတဆင့်ပေးခိုင်းတယ်။ ကျနော်တို့ရွာက မီးဖြတ်ပြီးမှ စာရွက်ပို့လာတာ ရွာကအိမ်တိုင်းဆောင်မှ မီးပြန်ပေးမယ်လို့ပြောတယ်။ ရွာလူကြီးတွေတော့ အစည်းအဝေးလုပ်နေတယ် ။ ဘယ်သူမှသွားမဆောင်ရသေးဘူး။” ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီငွေကြေးအင်အားလျော့နည်းစေရန် လက်နက်ကိုင်အစုအဖွဲ့အချို့က မြို့နယ်အများစုရှိ လျှပ်စစ်မီတာရုံးများနှင့်အနီးသို့ ဗုံးခွဲတိုက်ခိုက်ခြိမ်းခြောက်ခြင်းတို့ လုပ်ဆောင်လာသဖြင့် အိမ်တိုင်ရာရောက် မီတာလိုက်ဖတ်သည့်စနစ် မရှိသလောက်နည်းပါးသွားခဲ့ရာမှ မီတာ သုံးစွဲယူနစ်များကို အဆင်ပြေသလို ခန့်မှန်းကောက်ခံမှုနှင့် မီတာခမပေးသည့်နေအိမ်များ လျှပ်စစ်မီးဖြတ်တောက်ခံနေရမှုများ ဖြစ်ပွားလာသည်။

ယခု လတ်တလော ရွာလုံးကျွတ်မီးဖြတ်တောက်ခံနေရသည့်ကျေးရွာများသို့ ပေးပို့လာသည့် မီတာခကျသင့်ငွေစာရွက်တွင် ယခင်လက ကြွေးကျန်သည်ဟုဆိုလာသော မီတာစာရွက်မပါဘဲ ကြွေးကျန်ငွေပမာဏကို လက်ရေးဖြင့်သာ ရေးထည့်ထားသလို လစဥ် မီတာပုံမှန်ပေးဆောင်နေသော အိမ်အချို့လည်း ကြွေးကျန်မီတာစာရွက် ရရှိကြောင်း နယ်ခံများက ပြောသည်။

“ကြွေးကျန်ဆိုတာက ပြီးခဲ့တဲ့လကမဆောင်ရသေးတဲ့ မီတာစာရွက်တွေပေးတာမဟုတ်ဘဲ တစ်စောင်ထဲမှာ ကြွေးကျန်ဆိုပြီးတံဆိပ်တုံးထုပေးလိုက်တာ တချို့ကျတော့ လတိုင်းဆောင်တာတောင် ကြွေးကျန်ဆိုပြီး စာရွက်ပေးလာတာရှိသေးတယ်။ မီးက တစ်ရွာပြီးတစ်ရွာ အလှည့်ကျဖြတ်နေတယ်” ဟု လှည်းလမ်းကူးရွာခံက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလပိုင်းကလည်း ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်ရှိ အချို့ကျေးရွာများတွင် (၁)နှစ် ကျော်ကြာ မီတာခမပေးဆောင်ရသေးသည့်နေအိမ်များ မီးဖြတ်တောက်ခံခဲ့ရသလို မြို့နယ်မီတာရုံးနှင့် လူထုကိုဖိအားပေး မီတာခကောက်ခံနေသည့် လျှပ်စစ်ရုံးဝန်ထမ်းနေအိမ်အချို့ဗုံးဖောက်ခွဲခြိမ်းခြောက်မှု မကြာခဏခံခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။