Home သတင်း ဖားအံမြို့ကို ဖြတ်သန်း၍ စစ်ကောင်စီ၏ တင့်ကားနှင့်ဖောကား အစီးရေ (၂၀) ကျော် မြဝတီသို့ တက်လာ

ဖားအံမြို့ကို ဖြတ်သန်း၍ စစ်ကောင်စီ၏ တင့်ကားနှင့်ဖောကား အစီးရေ (၂၀) ကျော် မြဝတီသို့ တက်လာ

188
Photo: CJ

ဧပြီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြို့တော်ဖားအံမြို့ပေါ်ကိုဖြတ်သန်း၍ စစ်ကောင်စီ၏ ဖော(Faw)ကားနှင့် တင့်ကားအစီးရေ (၂၀) ကျော် ယ‌နေ့မွန်းလွဲပိုင်းက ဖားအံ-အိန္ဒုလမ်းပိုင်းအတိုင်း မြဝတီမြို့ဘက်သို့ ဆင်းသွားကြောင်း မျက်မြင်တွေ့ရှိသူမြို့ခံများက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-‌KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ မြဝတီမြို့အပြင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေသည့်အခြေအနေကြောင့် စစ်ကောင်စီဘက်က စစ်ကောင်စီတပ်သားအများအပြား နှင့် ရိက္ခာ၊ ခဲယမ်း လက်နက်တင်‌ဆောင်လာသည် ဟု ယူဆရသော ‌ဖောကားနှင့် တင့်ကားများအစီးရေ (၂၀) ထက်မနည်းဖြင့် မော်လမြိုင်-သထုံ-ဖားအံဘက်မှတဆင့် စစ်ကူပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

“ဖားအံကနေ တင့်ကားတွေစစ်ကားတွေမနည်းဘူး အများကြီးပဲ။ မြဝတီဘက်ကိုဦးတည်သွားတာ ကားကြီးဝင်းဘက်ကနေ တက်လာကြတာ၊ ခန့်မှန်း(၂၀)ဝန်းကျင်လောက်ရှိမယ်၊ Faw ကားတွေရော၊ သံချပ်ကာအပြည့်အစုံကားတွေရော၊ တက်သွားတာ မြဝတီဘက်လို့ ခန့်မှန်းရတယ်။ မြို့ပေါ်မှာ လေယာဉ်တွေလည်း ဝဲနေတယ်။” ဟု မျက်မြင်တွေ့ရှိသူ ဖားအံမြို့ခံတစ်ဦးက ပြောသည်။

ယနေ့နံနက်အစောပိုင်းမှ လက်ရှိအချိန်ထိ စစ်ကောင်စီက စစ်ကူကားများအား အသုတ်လိုက် ဖားအံမြို့ ကိုဖြတ်သန်း၍ ပို့ဆောင်ပေးနေကြောင်းသိရသလို ကားအများစုမှာ လက်နက်ခဲယမ်းများကို သယ်ဆောင်ထားသော ကားများဖြစ်ကြောင်း ‌မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။

Photo: CJ

မျက်မြင်‌တွေ့ရှိသူ နောက်ထပ် ဖားအံမြို့ခံတစ်ဦးက “အစီးရေ (၂၀)လောက်ရှိတယ်။ တင့်ကားတွေက ၇ စီးလောက်ပါတယ်။ တချို့စစ်ကားရိုးရိုးကားမှာတော့ စစ်သားတွေပါသွားတယ်။ သူတို့ကိုင်ထားတဲ့လက်နက်ကလက်နက်အကြီးတွေလည်းတွေ့တယ်။” ဟု ကေအိုင်စီကိုပြောသည်။

ဖားအံမြို့ပေါ်တွင် ထိုသို့စစ်ကောင်စီကားများ ခြေရှုပ်သွားလာနေကြသော်လည်း လူအသွားအလာမပျက်ရှိနေပြီး ပုံမှန်အတိုင်းလည်ပတ်လျက်ရှိကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။

၎င်းအပြင် မြဝတီမြို့အဝင်အထွက်ကို တော်လှန်ရေးအင်အားစုများက ပိတ်ပင်ထားလိုက်ပြီး စစ်ကောင်စီ ဘက်ကလည်း ယမန်နေ့မှစ၍လက်ရှိအချိန်ထိ မြဝတီခြေလျင်တပ် ခလရ-၂၇၅ အနီးဝန်းကျင်အပါအဝင် မြို့နေရာများကို လေကြောင်းနှင့် လက်နက်ကြီးသုံးတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။