ဧပြီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဖာပွန်ဒေသအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၄၃၄) တပ်စခန်းအား ဧပြီလ ၂၄ ရက်၊ ယမန်နေ့ တစ်ရက်တည်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့သည်ဟု ရှေ့မျက်နှာပြင်ရှိ KNLA တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ရှေ့တန်းစစ်မျက်နှာရှိ KNLA မှ ဗိုလ်အယ်ခူစိုးက “အခု ကျနော်တို့တတွေ သွားနေတာက စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ နေ့နေ့ညညတိုက်ပွဲဝင်နေပါတယ်ဆိုတာကို ပြည်တွင်း၊ နယ်စပ်၊ ပြည်ပမှာရှိနေကြတဲ့ ကရင်ပြည်သူတွေရော တိုင်းရင်းသားပြည်သူတွေအားလုံးကို ပြောချင်ပါတယ်။ ရှိရှိသမျှငွေအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အား အားလုံးပါဝင်ပေးဆပ်ကြသူတွေကိုပြောချင်တာက ဒွိဟသံသယမဖြစ်ကြပါနဲ့ စိတ်ဓာတ်ကျဆုံးမှု တစ်စုံ တစ်ရာမဖြစ်ကြပါနဲ့”ဟု မူတြော်ခရိုင် သတင်းစဉ်တွင် ပြောဆိုထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ Force For Federal Democracy(FFD)နှင့် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်သိမ်းခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီစခန်းနှစ်ခု မကျဆုံးမီနှင့် ကျဆုံးသွားပြီးနောက်ပိုင်း မူတြော်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်လုံး အတွင်းတိုက်လေယာဥ်ဖြင့်တိုက်ခိုက်ခြင်း၊ ဒရုန်းလေယာဥ်ဖြင့်တိုက်ခိုက်ခြင်းအား ယခင်က ထက်ပိုမိုတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာသည်ဟု ကေအဲန်ယူက ပြောသည်။ သို့သော်အရပ်သားပြည်သူများ တစ်ဦးတစ်ယောက်မျှ သေကြေထိခိုက်မှုမရှိကြောင်း ပြောဆိုသည်။



















