Home သတင်း နယ်စပ်ကုန်သွယ်ရေးများ သိမ်းပိုက်နိုင်ခြင်းသည် တော်လှန်ရေးအောင်မြင်ရန်နီးကပ်လာပြီဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

နယ်စပ်ကုန်သွယ်ရေးများ သိမ်းပိုက်နိုင်ခြင်းသည် တော်လှန်ရေးအောင်မြင်ရန်နီးကပ်လာပြီဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

165
Photo: NUG

ဧပြီလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

နွေဦးတော်လှန်ရေး၏ ၃ နှစ်တာကာလအတွင်း နေပြည်တော်ကို ခြိမ်းခြောက်လာနိုင်သည့်အပြင် နယ်စပ်ကုန် သွယ်ရေးများကိုပါ သိမ်းပိုက်ထားနိုင်ခြင်းသည် နွေဦးတော်လှန်ရေး အောင်ပွဲဆီသို့ တစ်စပြီးတစ်စ နီးကပ်လာပြီဖြစ်သည်ကို ပြသနေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းက ပြောဆိုလိုက်သည်။

ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အတွက် ပြောကြားသော NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

၃ နှစ်ကျော်ကြာကာလတွင် ပြည်သူလူထုများသည် စီးပွားရေး၊ လူမှုရေး အကြပ်အတည်းများကို ရုန်းကန် နေရပြီးချိန်တွင် တော်လှန်ရေးအင်အားစုများက နိုင်ငံအနှံ့ပူးပေါင်းထိုးစစ်ဆင်မှုများ ဆက်တိုက် အောင် မြင်ခြင်းသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုများ၏ အောင်မြင်ခြင်း ရလဒ်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

ဝန်ကြီးချုပ်က “တော်လှန်ရေးအစမှာ နိုင်ငံတကာ ပညာရှင်များနဲ့ လေ့လာစောင့်ကြည့်သူများက တော်လှန်ရေး အင်အားစုတွေဟာ ခိုင်မာအားကောင်းတဲ့မြန်မာ့စစ်တပ်ကို အနိုင်ယူဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြတယ်။ အခု ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ -NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များဟာ နိုင်ငံရဲ့နေရာအနှံ့အပြား အထူးသဖြင့် ကျေးလက်ဒေသ များကို ထိန်း ချုပ်ထားပြီး မြို့ပြများစွာကိုပါ ဝိုင်းပတ်ထိန်းချုပ်ထားနိုင်ဖြစ်တယ်။ ” ဟု သူ၏ မိန့်ခွန်းထဲတွင် ပြောဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးက စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ အကြမ်းဖက်စစ်အုပ်စုအား အပြီးတိုင်ဖြုတ်ချကာ ၎င်းတို့၏ ကျူးလွန်မှုများကို တရားဝင်နှင့်အညီ တရားစီရင်ပြီး ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှံရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ တာဝန် တစ်ရပ်ဖြစ်ကြောင်းကို ခံယူနေကြောင်းလည်း မန်းဝင်းခိုင်သန်းက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး နေရာဒေသအစုံက တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတရပ်လုံးက တညီ တစ်ညွတ်တည်း ရုန်းထတော်လှန်နေရသည့်အချိန်ကာလဖြစ်သောကြောင့် စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့် အာဏာရှင်စနစ်မျိုးမှ မြန်မာ့မြေပေါ်တွင် ထပ်မှန်ခေါင်းထောင်ထမလာနိုင်ရေး အစွမ်း ကုန်ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း NUG ဝန်ကြီးချုပ် ပြောဆိုသည်။

နွေဦးတော်လှန်ရေးသည် ရည်မှန်းချက်များဖော်ဆောင်နိုင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -CRPH နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ -NUCC က ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပိုင်း -၂ အခန်း(၁)ပုဒ်မ ၄ အရ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။