ဧပြီလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်သူတို့၏ ဆန္ဒဖြစ်သည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးကို အရှိန်မြင့် လုပ် ဆောင် သွားရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မွန်ပြည် တော်လှန်ရေးတပ် (MSRF)နှင့် မွန်ပြည်ကာကွယ် ရေးတပ် (MSDF) တို့ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်များရရှိခဲ့ကြောင်း ယနေ့ ဧပြီလ(၇)ရက် ထုတ်ပြန်လိုက်သည်။
မွန်ပြည်နယ်အနှံ့တွင် ဘုံရန်သူ စစ်ကောင်စီများ၏ စခန်းသိမ်းတိုက်ပွဲများနှင့် မြို့သိမ်းတိုက်ပွဲများကို မဟာမိတ်ပူးပေါင်းတပ်အဖွဲ့အစည်းဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပထမခြေလှမ်းအနေဖြင့် ယခုလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း မွန်ပြည်ကာကွယ်ရေးတပ်(MSDF)မှ တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက ကေအိုင်စီသို့ ပြောသည်။
၎င်းက“အခုချိန်မှာ နွေဦးတော်လှန်ရေးအတွက် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအတွက်ပိုပြီး အရေးကြီးလာတဲ့ အချိန်တစ်ခုလို့ ပြောလို့ရမယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့စခန်းသိမ်းတိုက်ပွဲတွေ။ ကရင်နီပြည်မှာ စလာခဲ့တဲ့(၁၁၁၁)စစ်ဆင်ရေးတွေ ယခုချိန်ထိ ကချင်၊ ကရင်၊ ရခိုင်နဲ့ အခြားဒေသမှာလှုပ်ရှားလာတဲ့ စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ပေါ်ပေါက်နေတယ်။ ဒါပေမဲ့ စစ်ရေးလှုပ်ရှားမှု အနည်းဆုံးဒေသက မွန်ပြည်နယ်မှာပါ။”ဟု ပြောသည်။
မွန်တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် မွန်ပြည် ကာကွယ်ရေးတပ် (MSDF)တို့သည် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ် သည်အထိ တိုက်ပွဲဝင်သွားပြီး အချုပ်အခြာအာဏာနှင့် ပြည့်ဝသော မွန်ပြည်ထူထောင်နိုင်သည်အထိ မဟာမိတ်တပ်များအဖြစ် အတူတကွပူးပေါင်း တိုက်ပွဲဝင်သွားရန် သဘောတူသည်ဟု ဖော်ပြထားသည်။
ထို့အပြင် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ တာဝန်ရှိသူ အချို့မှ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တွင် ပါဝင်ပြီး နိုင်ငံရေးတာဝန်များကို ပူးပေါင်း တာဝန်ယူ သွားမည်ဖြစ်ကြောင်း၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) မှ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
“စစ်ရေးပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ဒီမွန်ပြည်ကာကွယ်ရေးတပ်မှာ ကျနော်တို့ နိုင်ငံရေး၊ စစ်ရေး အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှုရှိပါတယ်။ အဲ့ဒီအဖွဲ့ခေါင်းဆောင်တွေက မွန်ပြည်ဖက်ဒရယ် ကောင်စီထဲမှာပါဝင်လာပြီးတော့မှ နိုင်ငံရေးပိုင်းဆိုင်ရာကိစ္စတွေမှာ ဆွေးနွေးကြမှာ ပေါ့လေ။ နောက်တချိန်တည်းမှာပဲ မွန်ပြည်ကာကွယ်ရေးတပ်အတွက် ရေရှည်သွားနိုင်ဖို့ တော်လှန် ရေးပုံစံ ဖြစ်လာဖို့ ကျနော်တို့ဘက်က တတ်နိုင်သလောက် ဝိုင်းကူသွား မယ်လို့ကျနော်တို့ဘက်က ပြောဆို ထားတာရှိပါတယ်။”ဟု (MSFC) ဥက္ကဌ နိုင်မွန်စိုင်းက ကေအိုင်စီသို့ပြောသည်။
ဆက်လက်၍ (MSRF)နှင့် (MSDF)တို့သည် အခြေခံစစ်သင်တန်းများနှင့် စစ်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများတွင် အတူတကွလုပ်ဆောင်သွားရန်၊ စစ်ဖက်ဆိုင်ရာသတင်းအချက်အလက်များနှင့် စစ်ရေးအတွေ့အကြုံများကို အပြန်အလှန် ဖလှယ်သွားရန်၊ စစ်ဆင်ရေးတိုက်ပွဲများပေါ်ပေါက်လာပါက မဟာမိတ်အသွင် အတူတကွ တိုက်ပွဲဝင်သွားရန်တို့ သဘောတူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



















