ဧပြီလ ၂၆ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ ၊ ခလယ်လွီးထူ (ညောင်လေးပင်)ခရိုင်၊ မုန်းမြို့ နယ်တွင် ယခုဧပြီလအတွင်း စစ်ကောင်စီမှထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် စစ်ဘေးရှောင် ပြည်သူ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်ကြောင်းထိုးဝင်ရောက်ပြီး မြေမြှုပ်မိုင်း များကို ထောင်ထားခဲ့သောကြောင့် ဒေသခံများအနေဖြင့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ကေအဲန်ယူ ညောင်လေးပင်ခရိုင်မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဟဲဂေက ယခုလိုပြောသည်။
“အခုဆိုရင်စစ်ကောင်စီက မြေမြှုပ်မိုင်းတွေကို လူသွားလူလာလမ်းဘေးတွေမှာ ထောင်ထားကြတယ်။ အရင်ကဆို လမ်းလယ်ခေါင်မှာထောင်ထားတော့ ဒေသခံတွေက လမ်းဘေးကပ်သွားကြတယ်။ အခုကလမ်း ဘေးတွေမှာ ထောင်လာတာ။ ပြီးတော့ လူနေတဲ့ တဲအောက်မှာတွေပါ မိုင်းတွေထောင်ထားကြတယ်။ စစ်ကောင်စီ ကရွာတစ်ရွာကို ဝင်ပြီးဆိုတာနဲ့ မိုင်းထောင်ပြီး။” ဟု ကေအိုင်စီ သို့ ပြောသည်။
စစ်ကောင်စီ၏ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူများမှာ စောတီးရွာသား ဦးဝင်းနိုင်၊ ရေလဲ (ဗမာ) ကျေးရွာနေ ဦးဇော်မင်းထွေး၊ နိုကူးကျေးရွာသား စောဒိုးဒိုထူး၊ အညာစုရွာနေ ဦးမြင့်အေးနှင့် နိုကလော်ရွာသား စော်ဆဲနေကော် နှစ်တို့ဖြစ်ကြဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ မြေမြှုပ်မိုင်းအန္တရာယ်နှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)အနေဖြင့် ဒေသခံပြည်သူများအား ပညာပေးဟောပြောမှုများ ပြုလုပ်ပေးသလို ကျေးရွာအတွင်းရှိ စစ်ကောင်စီ ထောင် ထားသော မိုင်းများကိုလည်း ရှင်းလင်းမှုများ လုပ်ဆောင်ပေးနေကြောင်းလည်း ကေအဲန်ယူဘက်က ပြောဆိုသည်။
၎င်းအပြင် စစ်ကောင်စီမှ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး၍ မြေမြှုပ်မိုင်းများ အဆက်မပြတ်ထောင်ထား သောကြောင့် ဒေသခံများအနေဖြင့် မိုင်းအန္တရာယ်ကိုကြောက်ရွံ့ကြ၍ နေထိုင်သွားလာလုပ်ကိုင်ရန် အခက်အခဲများ ရှိနေကြောင်းလည်း ပဒိုစောဟဲဂေက ဆက်ပြောသည်။
မုန်းမြို့နယ်တွင် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာမှုများ ဆက်ရှိနေဆဲဖြစ်သလို စစ်ကြောင်း ထိုးဝင်ရောက်မှုများနှင့် မြေမြှုပ်မိုင်းထောင်မှုများလည်း ဆက်လက်လုပ်ဆောင်နေသေးကြောင်းလည်း ကေအဲန်ယူဘက်က ပြောသည်။



















