Home သတင်း စစ်ကောင်စီကို လေယာဥ်ဆီတင်သွင်းခြင်း ကုလကန့်ကွက်မှုအပေါ် KNU နှင့် NUCC ကြိုဆို

စစ်ကောင်စီကို လေယာဥ်ဆီတင်သွင်းခြင်း ကုလကန့်ကွက်မှုအပေါ် KNU နှင့် NUCC ကြိုဆို

627

ဧပြီလ ၆ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အမေရိကန်နိုင်ငံတွင် ဧပြီလ(၄)ရက်နေ့က ကျင်းပသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး‌ တံခါးဖွင့်ဆွေး နွေးမှုတွင် စစ်ကောင်စီသို့လေယာဉ်ဆီတင်သွင်းနေခြင်းကို ကန့်ကွက်ခဲ့သည့်အပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအ စည်းအရုံးနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC တို့က ကြိုဆိုလိုက်သည်။

စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အဆိုပါ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးမှုတွင် မြန်မာပြည်သူများအပေါ် ပစ်မှတ်ထားနေသော စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်ရေး လေယာဉ်ဆီတင်သွင်းခြင်းကို ပိတ်ပင်တားမြစ်ရန် လုံခြုံရေးကောင်စီ၏အဖွဲ့ဝင် (၄၇)နိုင်ငံက တညီတ ညွှတ်တည်း သဘောတူခဲ့ခြင်းအပေါ် KNU နှင့် NUCC တို့က ထောက်ခံကြိုဆိုကြခြင်းဖြစ်သည်။

ယခင်က စစ်ကောင်စီထံ လေယာဉ်ဆီတင်သွင်းမှုသည် စစ်လက်နက် တင်သွင်းခြင်းမဟုတ်ကြောင်း ယူဆထားကြရာမှ ယခုကဲ့သို့ လုံခြုံရေးကောင်စီကိုယ်တိုင် သဘောမတူ ကန့်ကွက်မှုရှိလာခြင်းက ကောင်းမွန်သောတိုးတက်မှုဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ကေအိုင်စီကို ယခုလို ပြောသည်။

ပဒိုစောကလယ်စေးက “စစ်ကောင်စီကို လေယာဥ်ဆီ မတင်သွင်းဖို့ကတော့ အရေးကြီးဆုံးအချက်ဖြစ်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကို တိုက်ရိုက် တိုက်ခိုက်တာဖြစ်တယ်။ ဒီအပေါ်မှာ နိုင်ငံတကာကလည်း ဒါတွေကို တားဆီးပေးဖို့ တာဝန်ရှိတယ်။ ကမ္ဘာ့ကုလသမဂ္ဂကိုယ်တိုင်က ကန့်ကွက်မှုတွေရှိလာတာကတော့ ကောင်းမွန်တဲ့ တိုးတက်မှုတစ်ခုလို့ ယူဆလို့ရပါတယ်။”ဟု ဆိုသည်။

လုံခြုံရေးကောင်စီ၏ကန့်ကွက်မှုအပေါ် စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်း‌နေကြ‌သည့် နိုင်ငံတကာအစိုးရများက လိုက်ပါလုပ်ဆောင်နိုင်ခြင်းရှိမရှိ ခန့်မှန်းရခက်ခဲသလို မိမိတို့အကျိုးစီးပွားကိုသာ ဦးတည်သည့်နိုင်ငံများနှင့် လူ့အခွင့်အ ရေးနှင့် ငြိမ်းချမ်းရေးကိုထိန်းသိမ်းလိုသော နိုင်ငံများ အမြင်ခြင်းကွဲပြားနိုင်ကြောင်း KNU ပြောခွင့်ရသူက ဆက်လက် သုံးသပ်ပြောဆိုသည်။

အဆိုပါ တံခါးဖွင့်အစည်းအဝေးတွင် မြန်မာပြည်သူများ၏ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသည့် အခြေအနေ များ အပါအဝင် စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကြောင့် လူထုရင်ဆိုင်နေရသည့် နောက်ဆက်တွဲ အကြောက်တရား များ၊ နိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

လုံခြုံရေးကောင်စီ၏ ထိုဆွေးနွေးမှုသည် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ကောင်စီအစည်း အဝေး၏ ဆုံးဖြတ်ချက်နောက်ဆက်တွဲ အကောင်အထည်ဖော်မှုလည်း ဖြစ်နိုင်သလို ကောင်စီ၏ ယခု ကန့်ကွက်မှုအ ပေါ် သဘောတူညီကြောင်း NUCC အဖွဲ့ဝင်၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ၏ ဥက္ကဌ ခွန်မြင့်ထွန်းက လည်း ပြောသည်။

၎င်းက “၂၀၂၂ ဒီဇင်ဘာမှာ ကုလသမဂ္ဂက သူ မချမှတ်ဖူးတဲ့ဆုံး ဖြတ်ချက်ကို ချထားတာရှိတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ပေါ့။ ဒီလိုအချိန်မှာ စစ်ကောင်စီကို လေယာဥ်ဆီ ထောက်ပံ့တာတွေကို အရေးယူမယ်ဆိုတာက လုံခြုံရေးကောင်စီအနေနဲ့ သူတို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တယ်လို့ ကျနော်တို့ကတော့မြင်တယ်။ ဒီအပေါ်မှာလည်း အလေးအနက် ထောက်ခံကြိုဆိုပါ တယ်။”ဟု ၎င်းက ကေအိုင်စီကို ပြောသည်။

ထို့အပြင် မြန်မာစစ်အစိုးရကို စစ်လက်နက်ပစ္စည်းများ တရားမဝင် လွှဲပြောင်းပေးနေခြင်းကို တားမြစ်ရန် အပါအဝင် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အရေးယူမှုအား အစည်းအဝေးတွင် ထည့်သွင်းတင်ပြ ဆွေးနွေးခဲ့ကြ သော်လည်း တရုတ်နှင့် ရုရှားနိုင်ငံဘက်ကမူ ထိုကဲ့သို့ တံခါးဖွင့်ဆွေးနွေးမှုအပြင် စစ်ကောင်စီကိုအရေးယူမည့် ကိစ္စများ ကိုလည်း ကန့်ကွက်ရှုတ်ချကြသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီက အားထားအသုံးပြုနေသော လေကြောင်း တိုက်ခိုက်မှုမှာ အကြိမ်ရေ (၁,၆၀၀)ကျော်ရှိသလို ယခုနှစ် မတ်လ(၁၀)ရက်နေ့မှစ၍ ပြည်တွင်းပြည်ပရှိ တော်လှန်ရေး လှုပ်ရှားသည့် အရပ်ဘက်အဖွဲ့များ၊ ပြည်သူများပူးပေါင်းကာ သက်ဆိုင်ရာ နိုင်ငံတကာအစိုးရများနှင့် ကုမ္ပဏီများမှ စစ်ကောင်စီသို့ လေယာဉ်ဆီတင်ပို့မှု ပိတ်ဆို့ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို ပြုလုပ်ကာ တောင်းဆိုလျက်ရှိသည်။