ဧပြီလ ၆ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက်စစ်ကောင်စီ ခြေမြန်တပ်ရင်းဌာနချုပ်ကို ရက္ခိုင့်တပ်တော် (AA)မှ အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ဧပြီလ (၅)ရက်နေ့ ညပိုင်းက ၎င်းတို့၏ တယ်လီဂရမ် စာမျက်နှာ တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ-၅၆၄)တပ်ရင်း ဌာနချုပ်ကို ပြီးခဲ့သည့် ဧပြီလ (၁)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ရက္ခိုင့်တပ်တော်(AA)မှ ဧပြီလ(၅)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA အနေဖြင့် ၂၀၂၄ ဧပြီလအတွင်း သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို တခုပြီးတခု ထိုးစစ်ဆင်တိုက် ခိုက်လျက်ရှိပြီး ရခိုင်ပြည်နယ်တခုလုံးကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ရေး လက်နက်ချ အညံ့မခံသေး သော စစ်ကောင်စီစခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ လက်ရှိတွင် မောင်တော၊ ကြိမ်ချောင်း စခန်းတို့ကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း AA က ထုတ်ဖော်ပြောဆိုထားသည်။
စစ်ကောင်စီ၏ အဆိုပါ (ခမရ-၅၆၄) ခြေမြန်တပ်ရင်းဌာနချုပ်သည် အာဏာသိမ်း စစ်ကောင်စီ၏ အရေးပါ သောစခန်းတစ်ခုဖြစ်သောကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေစဉ်အချိန်အတွင်း စစ်တပ်မှ ကြည်းတပ်၊ လေတပ်တို့ဖြင့် အပြင်းအထန် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၈၀)ခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်နိုင်ခဲ့ကာ ရက္ခိုင့်တပ်တော်(AA)ဘက်ကလည်း ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။



















