Home သတင်း ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံ ဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံ ဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

667
Photo: KRF

ဧပြီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မုပ္ပလင်လမ်းဆုံဂိတ်ကို ဧပြီလ ၄ ရက် ယမန်နေ့ ၊ နေ့လည် ၂ နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဂိတ်တွင် စစ်ကောင်စီတပ်က ဘန်ကာများအခိုင်အမာ ထပ်မံဆောက်လုပ်ထားပြီး လူအင်အား များတိုးချဲ့ထားသည့်အပြင် အသွားအလာပြုလုပ်နေသည့် ခရီးသွားပြည်သူများကိုလည်း အတင်း အကြပ်စစ်ဆေးမှုများနှင့်ငွေတောင်းခံမှုများ လုပ်ဆောင်နေသောကြောင့် စစ်ရေးအဖြစ် သတ်မှတ်၍ ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း KRF အဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “ထိခိုက်သေဆုံးမှုက သူတို့က သတင်းစုံစမ်းမရအောင်အုပ်ထားတယ်။ သူတို့အင်အား ကတော့ ၃၀ ဝန်းကျင်လောက်ရှိတယ်။ အဲ့ဒီဂိတ်ကလည်း အာဏာသိမ်းပြီးကတည်းက တိုက်ခိုက်နေတာ ဒီနေ့ ထိဆိုရင် မရေမတွက်နိုင်အောင်ပါပဲ။ ဂိတ်မှာ ခရီးသွားပြည်သူတွေကို အစစ်အဆေး တင်းကြပ် တာတွေရှိတယ်။ ဂိတ်က ရဲနဲ့စစ်သားပေါင်းပြီး ငွေကြေးကောက်ခံတာ ရှိတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်များအနေဖြင့် မုပ္ပလင်လမ်းဆုံဂိတ်ကို မဖျက်သိမ်းသေးဘဲ ဆက်လက်ပြီး အင်အား တိုးချဲ့ကာ ဂိတ်စခန်းကိုဆက်လက်တည်ဆောက်နေမည်ဆိုပါက ယခုထက် ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လာမည်ဟုလည်း KRF က အသိပေးထုတ်ပြန်ခဲ့သေးသည်။

မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ရေးစသည့်မြို့နယ်များရှိ စစ်ကောင်စီတပ်၏ တပ်စခန်း၊ ရဲစခန်း၊ ဂိတ်နေရာများကို နယ်မြေအတွင်းရှိ တော်လှန်ရေးတပ်များက မကြာခဏ ဝင်ရောက် တိုက်ခိုက်လေ့ရှိသလို စစ်ကောင်စီလက်အောက်ခံ ဒေါက်တိုင်နှင့်အုပ်ချုပ်ရေးမှူး ၃ ဦးကိုလည်း ရှင်းလင်းခဲ့ပြီးပြီးဖြစ်ကြောင်းလည်း KRF ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့အတူ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် KNLA အပါအဝင် အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ ကျိုက် ထိုတော်လှန်ရေး အင်အားစု-KRF၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေးဘီလူးတပ်ဖွဲ့၊ ရေးမြို့နယ် ကာကွယ်ရေးအထူးတပ်ဖွဲ့ -YSTF၊ ရေးပြောက်ကျားတပ်ဖွဲ့ -YGF ၊ သထုံခရိုင်အလုပ်အဖွဲ့(ABSDF)၊ ဒေါန စစ်ကြောင်း နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF) စသည့် တော်လှန် ရေးအင်အားစုများလည်း နယ်မြေဒေသအတွင်းရှိ ပူးပေါင်းစစ်ဆင်ရေးများကို လုပ်ဆောင်နေလျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ စစ်တောင်း တံတားသစ်ဂိတ်နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ်ကို တော်လှန်ရေးပူး ပေါင်းတပ် ၇ ဖွဲ့ ပူးပေါင်း၍ ဒရုန်းဖြင့် ၃ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သေးကြောင်း KRF က ထုတ်ပြန်ထားသည်။