Home သတင်း သူးမွဲထရှိ စစ်ကောင်စီစခန်း ၄ ခုကို ရှင်းလင်းပြီးစီးကြောင်း ကေအဲန်ယူပြော

သူးမွဲထရှိ စစ်ကောင်စီစခန်း ၄ ခုကို ရှင်းလင်းပြီးစီးကြောင်း ကေအဲန်ယူပြော

188
Photo: ( Social Media )

ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်/တပ်မဟာ(၅)နယ်မြေ၊ ဘူးသိုမြို့နယ် သူးမွဲထ (မြစ်ဆုံ)နေရာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နောက်ဆုတ်သွားသည့် စစ်စခန်း (၄)ခုကို ဧပြီလ ၁၄ ရက်နေ့တွင် ရှင်းလင်းမှု ပြီးစီးခဲ့ပြီဖြစ်ကြောင်း မူတြော်ခရိုင်/တပ်မဟာ ၅ တာဝန်ရှိသူက ပြောသည်။

ကေအဲန်ယူ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ သူးမွဲထစခန်း၊ ထီးကေ့ကွယ်ကျိုးစခန်း၊ ဟော့မာဒေါစခန်းနှင့် ကောကော်ထာ စခန်းတို့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်တို့ မကြာခဏ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ဆက်လက်နေထိုင်ရန်ခက်ခဲလာသည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းက စခန်းစွန့်ခွာသွားခြင်းဖြစ်ကြောင်း ကေအဲန်ယူ တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒို့က ပြောသည်။

၎င်းက“သူတို့စခန်းကို ရိက္ခာတွေ ပို့ရတာ ခက်ခဲလာတယ်။ မကြာခင်တုန်းက တပ်မဟာ(၇)နယ်မြေ မာနယ် ပလောအနီးမှာ သူတို့ကို တိုက်ခိုက်တာရှိတယ်။ အခုဆိုရင် ဖာပွန်ဘက်ခြမ်းမှာလည်း တိုက်ပွဲပြင်းထန် လာတယ်။ သူတို့ဘက်အကြပ်အတည်းဖြစ်လာနိုင်လို့ စောစောစီးစီး သူတို့ကြိုတင်နောက်ဆုတ်လိုက်တာဖြစ်မယ်ထင်တယ်။ ဒီဘက်က ကျနော်တို့လူတွေကလည်း သူတို့ကို ပေးမနားဘူး။ တစ်ချိန်လုံးသွားတိုက်တော့ သူတို့အခက်အခဲရှိလာတာလည်းပါမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဧပြီလ ၁၂ရက်မှ ဧပြီလ ၁၄ ရက်နေ့အထိ ဆုတ်ခွာသွားပြီးနောက် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ/ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ထဲရှိ စစ်ကောင်စီ တပ်စခန်းများထံတွင် သွားရောက်ပူးပေါင်းခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ ၅ တာဝန်ရှိသူက ပြောသည်။

၎င်းဆုတ်ခွာသွားသော စစ်ကောင်စီတပ်စခန်းများသည် ဦးသိန်းစိန် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ်-NCA လက်မှတ်မထိုးခင် ၂၀၀၈၊၂၀၀၉ ခုနှစ်ကတည်းက ဝင်ရောက်နေရာယူတပ်စွဲထားသည့် တပ်စခန်းများဖြစ်သည်ဟု ကေအဲန်ယူက ပြောသည်။

အလားတူ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် မယ်ဝိုင်ကျေးရွာအုပ်စု ဘလယ့်ကျိုးစစ်ကောင်စီတပ်စခန်းရှိ တပ်ဖွဲ့ဝင်များသည်လည်း ဧပြီလ ၁၄ ရက်နေ့တွင် ၎င်းတို့စခန်းကို စွန့်ခွာပြီး ကေအဲန်ယူ တပ်မဟာ(၁)/သထုံခရိုင် ရှိ တပ်စခန်းထံ ပြန်လည်ပူးပေါင်းမှုလုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူး ကြီးစောကလယ်ဒို့က ပြောသည်။

သူးမွဲထာဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံး ရှင်းလင်းလိုက်ပြီဖြစ်၍ သောင်ရင်းမြစ်နှင့် သံလွင်မြစ်တို့ မြစ်ဆုံနေရာဖြစ်သည့် အဆိုပါ နယ်မြေတစ်ခုလုံးတွင် လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းစင်နယ်မြေဖြစ်သွားပြီဟု ကေအဲန်ယူ တာဝန်ရှိသူများက ပြောသည်။