Home သတင်း ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ (၇၆)နှစ်ပြည့်မွေးနေ့ ပြုလုပ်ပြီးစီး

ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ (၇၆)နှစ်ပြည့်မွေးနေ့ ပြုလုပ်ပြီးစီး

512

ဧပြီလ ၁၃ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ ၇၆နှစ်ပြည့် မွေးနေ့ပွဲကို KNU ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ၎င်း၏နေအိမ်တွင် ဧပြီလ (၁၃)ရက် ယနေ့ ပြုလုပ်ပြီးစီးခဲ့သည်။

ယနေ့ကျင်းပသည့် စောဂျော်နီ၏ မွေးနေ့ဆုတောင်းပွဲသို့ KNU ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေး၊ မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရ အပါအဝင် ဘာသာရေးခေါင်းဆောင်များ၊ စောဂျော်နီ၏မိသားစုဝင် များနှင့် မိတ်ဆွေပရိဿတ် (၅၀)ဦးထက်မနည်း တက်ရောက်ခဲ့ကြကြောင်း မွေးနေ့ပွဲ၏ ဓာတ်ပုံမှတ်တမ်း များအရ သိရသည်။

မွေးနေ့ပွဲတွင် တက်ရောက်လာသော ခေါင်းဆောင်အချို့မှ မွေးနေ့ဆုတောင်းပေးခြင်းအပြင် ဘာသာမတူ သည့် ဘာသာရေးခေါင်းဆောင်အချို့မှလည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည်များကိုလည်း မွေးနေ့အစီအစဥ် အပြီးတွင် ဆွေးနွေးပြောဆိုခဲ့ကြကြောင်း ပွဲတက်ရောက်သည့် မဲဆမိတ်ကျောင်းဆရာတော်၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် သိရသည်။

၁၉၄၈ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့တွင် မွေးဖွားခဲ့သော ဗိုလ်ချုပ်ကြီးစောဂျော်နီသည် ကေအဲန်ယူ၏ (၁၇)ကြိမ် မြောက် ကွန်ဂရက်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပြီး KNLA ၏ စစ်ဦးစီးချုပ်အဖြစ် ၂၀၁၂တွင် ကျင်းပခဲ့သည့် ၁၅ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်ပြီးက တည်းက တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးစောဂျော်နီသည် ကရင့်တော်လှန်ရေး (၅၉)နှစ်ပြည့်မြောက်သည့် ၂၀၀၈ခု၊ ဇန်နဝါရီ ၃၁ရက်နေ့ တွင် ကရင့်တော်လှန်ရေးနှစ် (၇၀)ကျော်အတွင်း အမြင့််ဆုံးသူရဘွဲ့ကို ပေးအပ်ခြင်းခံခဲ့ရသူတစ်ဦးလည်းဖြစ် သည်။

ကရင့်တော်လှန်ရေး သက်တမ်း နှစ်(၆၀)ရှိပြီဖြစ်သည့် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ ယနေ့ မွေးနေ့ပွဲကို ၎င်းနှင့် မွေးရက်တူသည့် သားငယ်ဖြစ်သူနှင့်တွဲ၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟုလည်း နီးစပ်သူများထံမှ သိရသည်။