Home သတင်း ဖျာပုံအကျဥ်းထောင်တွင် အကျဥ်းသား(၁၀၀) ဝန်းကျင် ရိုက်နှက်စစ်ဆေးခံနေရပြီး (၁၈)ဦး တိုက်ပိတ်ခံထားရ

ဖျာပုံအကျဥ်းထောင်တွင် အကျဥ်းသား(၁၀၀) ဝန်းကျင် ရိုက်နှက်စစ်ဆေးခံနေရပြီး (၁၈)ဦး တိုက်ပိတ်ခံထားရ

378

ဧပြီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်ရှိ ဖျာပုံအကျဥ်းထောင်တွင် မတ်လ(၃၁)ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်စပ်လျဥ်း၍ ဧပြီလ(၂)ရက်နေ့ ညနေပိုင်းအထိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များ၏ ရိုက်နှက် စစ်ဆေးခြင်းခံထားရသော အကျဥ်းသား(၁၀၀) ဝန်းကျင်ရှိလာပြီး (၁၈)ဦး တိုက်ပိတ်ခံထားရကြောင်း အကျဥ်းထောင်သတင်းအရင်းအမြစ်များမှ သိရသည်။

မတ်လ(၃၁)ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၄)ဖြင့် တရားရင်ဆိုင်နေရသူ အကျဥ်းသားတစ်ဦးအား ဖျာပုံအကျဥ်းဦးစီးဝန်ထမ်း တပ်ကြပ်တစ်ဦးက အကြောင်းပြချက်မရှိဘဲ ဝင်ရောက်ရိုက်နှက်ခဲ့သည်ကို နိုင်ငံရေးအကျဥ်းသားများက ကန့်ကွက်ရာမှ အကျဥ်းထောင်ဝန်ထမ်းများနှင့် ပဋိပက္ခစတင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဝန်ထမ်းများက အကျဥ်းထောင်သားများ ထောင်ဖောက်ရန်ပူးပေါင်းကြံစည်နေသည်ဟု စစ်ကောင်စီထံ သတင်းမှားပေးပို့ခဲ့သဖြင့် မတ်လ(၃၁)ရက်နေ့ ညနေပိုင်းတွင် ထောင်တွင်း အကြမ်းဖက်ဖြိုခွင်း မှုစတင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညနေအထိ နိုင်ငံရေးအကျဥ်းသား(၂၀)ဦးအပါအဝင် (၈၀)ဦး စစ်ဆေးရိုက်နှက်ခံထားရသည်ဟု နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPN ၏ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

၎င်းက “နိုင်ငံရေးအကျဥ်းသားတွေ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရထားတယ်။ (၃)ယောက်က စိုးရိမ်ရတယ်။ နောက်ထပ် အယောက်(၈၀)ကိုလည်း အကျဥ်းဦးစီးနဲ့ရဲတပ်ဖွဲ့ဝင်တွေပေါင်း၊ ခေါ်ထုတ်ပြီးတော့ ရိုက်နှက် ထားတာဖြစ်လို့ စုစုပေါင်း(၁၀၀)ဝန်းကျင်လောက်တော့ မနေ့က ညနေပိုင်းအထိ ရိုက်နှက်စစ်ဆေးခံထားရတယ်” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဥ်အပေါ်တွင် အကျဥ်းသား(၁၀၀)ဦးအနက် နိုင်ငံရေးနှင့်အခြားရာဇဝတ်မှုကျူးလွန်သူ အကျဥ်း သား(၁၈)ဦးအားလည်း ဧပြီလ(၁)ရက်နေ့က ထောင်တွင်းစည်းကမ်းဥပဒေပုဒ်မ(၂၂၄)ဖြင့် ထောင်ဒဏ်(၆)လစီချမှတ်ကာ တိုက်ပိတ်ထားကြောင်း သိရသည်။

ကိုသိုက်ထွန်းဦးက “အကျဥ်းဦးစီးဘက်ကတော့ ထောင်ဖောက်ဖို့ကြံစည်လို့ဘာညာနဲ့ပြောတယ် ။ ကျနော်တို့ဘက်က ဒေတာတိတိကျကျနဲ့ထုတ်ပြန်လိုက်တဲ့အခါမှာ စစ်ကောင်စီဘက်က ဝန်ခံလိုက်တယ်ဆိုပေမယ့် အဲဒီမှာပါဝင်တဲ့ ဦးဆောင်သူလို့သူတို့ယူဆတဲ့(၁၈)ဦးကို တိုက်ပိတ် ထားတာလည်းရှိနေတယ်” ဟု ဆိုသည်။

အကျဥ်းသားများက ထောင်ဝန်ထမ်းများအား ထိခိုက်ဒဏ်ရာရရှိစေသဖြင့် စစ်ကောင်စီဘက်က သေနတ်ပစ်ဖောက်ဖြိုခွင်းပြီး ရိုက်နှက်စစ်ဆေးနေသည့် ထိုဖြစ်စဥ်တွင် ပြင်းထန်ဒဏ်ရာရရှိသူ နိုင်ငံရေးအကျဥ်းသားများ ဆေးဝါးကုသမှုခံယူရန်လိုအပ်နေသလို PPN အနေဖြင့်လည်း ထောင်တွင်း အခြေခံအခွင့်အရေးချိုးဖောက်ခံနေရမှုများအား သက်ဆိုင်ရာအဖွဲ့များအနေဖြင့် အရေးယူပေးရန် တောင်းဆိုထားသည်။

ထို့အတူ အကျဥ်းထောင်တွင်း ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာ မထားရှိမှုနှင့် ပြင်ပဆေးရုံသို့ အချိန်မီပို့ဆောင်မပေးနိုင်မှုတို့ကြောင့် တော်လှန်ရေးလုပ်ဆောင်သဖြင့် စစ်ကောင်စီက ဖမ်းဆီး အကျဥ်းချထားသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ နိုင်ငံရေးအကျဥ်းသားအချို့ သေဆုံးရသည့်ဖြစ်စဥ်များ မကြာခဏဆိုသလို ဖြစ်ပွားနေကြောင်း ထောင်တွင်းနီးစပ်သူများ၏ ထုတ်ဖော်ပြောဆိုချက်အရ သိရသည်။

ဧပြီလ (၂)ရက်နေ့အထိ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဖမ်းဆီးထားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း (၂၆,၄၇၅)ဦးရှိသည့်အနက် (၂၀,၃၀၂)ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။