Home သတင်း ဖာပွန်မြို့တွင် ဆက်သွယ်ရေးလိုင်းများပြတ်တောက်ပြီး စစ်ရှောင်ပြည်သူများနှင့် ဆက်သွယ်မရဖြစ်နေ

ဖာပွန်မြို့တွင် ဆက်သွယ်ရေးလိုင်းများပြတ်တောက်ပြီး စစ်ရှောင်ပြည်သူများနှင့် ဆက်သွယ်မရဖြစ်နေ

114
Photo: Crd.

မတ်လ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ (၅) နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်၊ ဖာပွန်မြို့ကို တော်လှန် ရေးအင်အားစုများက ထိန်းချုပ်လိုက်ပြီးသည့်နောက် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ပြီး ထွက်ပြေး တိမ်းရှောင်သွားသည့်် စစ်ဘေးရှောင်ပြည်သူအချို့ နှင့် ဆက်သွယ်မှုမရရှိုကြောင်း ဖာပွန်မြို့ခံများက ပြောသည်။

ဖာပွန်မြို့တွင် နှစ်ပေါင်း ၇၀ ကျော်ကြာ လာရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (ခလရ-၁၉) စခန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကိုလည်း ထိန်းချုပ်ထားသည့်အတွက်ကြောင့် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြင် ဆက်သွယ်ရေး လိုင်းများကိုပါ ဖြတ်တောက်လိုက်သဖြင့် စစ်ပြေးရှောင်နေကြသည့် ပြည်သူများနှင့် ဆက်သွယ်မှု ပြတ်တောက်နေကြောင်း ဖာပွန်မြို့ခံတစ်ဦးက ယခုလိုပြောသည်။

၄င်းက “လိုင်းဖျက်ထားတာ (၁) ပတ်လောက်ရှိပြီး။ ဖာပွန်ကတစ်မြို့လုံးကုန်နေပြီး။ ကမမောင်းဘက်ကို ဆင်း လာနေကြပြီး။ တချို့ကတော့ ဒုက္ခသည်စခန်းကိုပြောင်းသွားကြပြီး။ စစ်ရှောင်သွားတဲ့ သူတွေနဲ့လည်း အဆက် အသွယ်ပြတ်နေတယ်။ ဖုန်းလိုင်းမရှိတော့ ဖုန်းဆက်လည်း မရဘူး။ ကျမတို့နဲ့ ဖာပွန်ထဲမှာ ကျန်တဲ့ သူတွေနဲ့ အဆက်သွယ်လုပ်မရဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် နှစ်ဖက်တိုက်ပွဲများကြောင့် ဖာပွန်မြို့နှင့်နီးစပ်သည့််ကျေးရွာများမှ ဒေသခံပြည်သူများသည် ကမမောင်း၊ ဖားအံနှင့် မော်လမြိုင်စသည့်နီးစပ်ရာမြို့များကို ပြောင်းရွှေ့သွားကြသလို တချို့ပြည်သူများမှာမူ နီးစပ် ရာ စစ်ရှောင်စခန်းနှင့် တောင်ယာစိုက်ခင်းထဲသို့ ပြောင်းရွှေ့နေထိုင်နေကြသူများလည်းရှိကြောင်း ဖာပွန်မြို့ ခံများက ပြောသည်။

Photo: Crd.

ပြီးခဲ့သည့် မတ်လ တစ်လတာအတွင်း စစ်ကောင်စီတပ်က ကျေးရွာအတွင်းနှင့် ဒေသခံပြည်သူများ၏ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်များကို လက်နက်ကြီးကျည်စုစုပေါင်း ၄၂လုံး နှင့် ဒရုန်းယာဉ်ဖြင့် ဗုံးငယ်စုစုပေါင်း (၁,၄၈၅) လုံးကြဲချခဲ့ခြင်းကြောင့် ဖာပွန်ဒေသခံပြည်သူများ၏ နေအိမ် ၄၂ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်၏ ဧပြီလ ၂ ရက်၊ ယမန်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလားတူ စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများနှင့် တောင်ယာ စိုက်ခင်းများ ကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာပြီး တပ်မဟာ (၅) ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ မှုကြောင့် ဖာပွန်ဒေသခံ စုစုပေါင်း (၁,၆၂၄) ဦးအထိ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း မူတြော်ခရိုင်သတင်းစဉ်တွင် ဖော်ပြထားသည်။