ဧပြီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကို ဆိုင်းငံ့ပေးရန် ရှမ်းပြည်နယ် တောင်သူလယ်သမားများကွန်ရက်မှ ဧပြီလ ၁ ရက် ယနေ့ ရက်စွဲဖြင့် သဘောထားကာ ထုတ်ပြန်တောင်း ဆို လိုက်သည်။
အာဏာသိမ်း စစ်ကောင်စီက ပြည်သူစစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး နောက်ပိုင်း ကာလရှည်ကြာစွာ အတူနေထိုင်လာကြသော တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေနိုင်သည့် ဆိုးကျိုးများ ဖြစ်ပေါ်လာစေသောကြောင့် ယခုလို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ကွန်ရက်၏ တာဝန်ခံ နန်းလောဝ် က ယခုလိုပြောသည်။
“လက်ရှိနိုင်ငံရေးအခြေအနေအရ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ပြည်သူလူထုတွေရဲ့ ဘဝလုံခြုံမှုအတွက် စိန်ခေါ် ချက်များစွာရှိစေပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းများစွာ နေထိုင်ကြတဲ့တန့်ယန်းမြို့နယ်က ပြည်သူလူထု တွေကို အခက်တွေ့စေတဲ့ အခြေအနေတွေရှိနေတဲ့အတွက်ကြောင့် လက်ရှိအခြေအနေမှာ ပြည်သူလူထု ရဲ့ အခက် အခဲကို စာနာထောက်ထားပြီး ရပ်ဆိုင်းပေးဖို့ ပြည်သူလူထုတွေ အနေနဲ့ တောင်းဆိုရခြင်း ဖြစ်ပါတယ် ရှင့်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ရပ်ကွက် နှင့် ကျေးရွာအတွင်းရှိ လူငယ်များအား စစ်မှုထမ်း ရန် လူငယ်များအား ဆင့်ခေါ်မှုများ ပြုလုပ်လျက်ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့အပြင် လက်ရှိတွင်လည်း စစ်မှုထမ်းရန်ဆင့်ခေါ်မှုများအပြင် အခွင့်အလမ်းနှင့် အလုပ်အကိုင် ကြပ်တည်းမှု များကြောင့် ဒေသတွင်းလူငယ်လူရွယ်များက နေရပ်စွန့်ခွာ၍ နယ်စပ်ဒေသနှင့် အိမ်နီးချင်းနိုင်ငံများသို့ အမြောက် အမြား တိမ်းရှောင်နေကြရကြောင်းလည်း နန်းလောဝ်က ဆက်ပြောသည်။
၎င်းက “လက်ရှိအချိန်မှာတော့ လူငယ်တွေဟာ ကူရာမဲ့လမ်းပျောက်နေပြီးတော့မှ အိမ်နီးချင်း ပြည်ပနိုင်ငံတွေကို ထွက်သွားခြင်းကသာ အဖြေဖြစ်မလားဆိုတဲ့ စဉ်းစားချက်မျိုး ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် ပြည်ပထွက်ဖို့ ပြင်ဆင် နေတာကို ပိုမိုတွေ့ရပြီးတော့ ဒီစစ်မှုထမ်းဥပဒေဟာ ပြည်သူတွေကို မြန်မာပြည်ကနေထွက်သွားဖို့ ပိုပြီးတွန်းအား ပေးနေပါတယ်။” ဟု ဖြည့်စွက်ပြောသည်။
တန့်ယန်မြို့နယ်သည် (၁၀၂၇) စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း စစ်ဘေးဒဏ် အများဆုံးခံခဲ့ရသည့် မြို့နယ် တစ်ခု ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှ အလုပ်အကိုင်ရှားပါးမှုတို့အပြင် ကျန်းမာ ရေး၊ ပညာရေးအခွင့်အလမ်း ဆုံးရှုံးမှုများပါ ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောဆိုသည်။