Home သတင်း စစ်တပ်လက်နက်ကြီးကြောင့် ကော့ကရိတ်၊ ရွာသစ်‌ကျေးရွာနေ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

စစ်တပ်လက်နက်ကြီးကြောင့် ကော့ကရိတ်၊ ရွာသစ်‌ကျေးရွာနေ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

321
Photo: CJ

ဧပြီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

လက်လွတ်ဆုံးရှုံးထားသော မြဝတီမြို့ကို ပြန်လည်ရရှိရန် စစ်ကူတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်း သည် ကော့ကရိတ်မြို့အနီးတဝိုက် ကျေးရွာများသို့ လက်နက်ကြီးများအပြင်းအထန်ပစ်ခတ်မှု လုပ်ဆောင်ရာတွင် မောင်းမရွာသစ်ကျေးရွာရှိ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိနေကြောင်း ဒေသခံများကပြောသည်။

ဖော (Faw)ကား၊ သံချပ်ကာ ကားများနှင့်အတူ တပ်ဖွဲ့ဝင်အင်အား ရာချီပါသည့် အဆိုပါ စစ်ကောင်စီတပ်သည် ဧပြီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တွင် ချီတက်လာသည့်လမ်းကြောင်းတစ်လျှောက် လက်နက်ကြီး၊ လက်နက် ငယ်များ ရမ်းသမ်းပစ်ခတ်မှု အဆက်မပြတ်လုပ်ဆောင်သည့်အတွက် ယခုလို ဒေသခံအရပ်သားများ ထိခိုက် သေဆုံးရခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ကော့ကရိတ်မြို့အနီး ရွာသစ်ကျေးရွာသားတစ်ဦးက”မြဝတီကိုစစ်ကူသွားဖို့ မနေ့ညကတည်းက အတွဲ လိုက်လက် နက်ကြီးတွေပစ်နေတယ်။ ဒီနေ့မနက်လည်း ဆက်တိုက်ပစ်နေတယ်။ ရွာထဲမှာကျတော့ အမျိုးသမီး ၁ ဦးသေးဆုံးတယ်။ ၃ ဦးဒဏ်ရာရသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ စစ်ကောင်စီတပ်သည် လက်နက်ကြီးများအပြင်းအထန်ပစ်ခတ်ပြီး စစ်ကူတက်လာရာတွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တို့က ခုခံတိုက်ခိုက်သဖြင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ဒေသခံရွာသားများက ပြောသည်။

ထိုအတူ နှစ်ဖက်တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီတပ်မှ ကင်းထောက်လေယာဉ်အပြင် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သဖြင့် ကော့နွဲကျေးရွာအုပ်စုနှင့် မောင်းမကျေးရွာအုပ်စုရှိ ဒေသခံရွာများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ရကြောင်း ရွာသားများက ပြောသည်။

အဆိုပါ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲဝင်များသည် ကော့ကရိတ်မြို့အနီး၊ ကော့နွဲကျေး ရွာအုပ်စုရှိ ရွာသစ်ကုန်းကျေးရွာ အာရှလမ်းမတောင်ခြေသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။