ဧပြီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ သထုံခရိုင် /တပ်မဟာ(၁)နယ်မြေ၊ သထုံမြို့နယ်ရှိ ကျေးရွာများထဲသို့ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါအဝင် အရပ်သား ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့ သတင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ အမှတ် (၉) ခြေမြန်တပ်ရင်း တပ်စခန်းမှ ကျေးရွာများထဲသို့ လက်နက်ကြီး ၁၄ လုံးခန့်ပစ်ခတ်ခဲ့ရာ ချောင်းစောင့်၊ ထိုကော်ကျိုး၊ ထုံးဘိုလေး စသည့်ကျေးရွာအတွင်းသို့ ကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သားထိခိုက်မှုများရှိခဲ့သလို လူနေအိမ်ထိခိုက် ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၁၆ နှစ်အရွယ် စောနေလင်း၊ အသက် (၁၃) နှစ်အရွယ် စောဖြိုးဖြိုး၊ အသက် (၅၆) နှစ်အရွယ် ဦးမောင်ထွေး၊ အသက် (၅၄) နှစ်အရွယ် နော်နောရီ၊ အသက် (၅၇) နှစ် အရွယ် တီးပန်းစိန်နှင့် အသက် (၂၃) နှစ်ရှိသည့် နော်ချောတခုတို့ဖြစ်ပြီး ကျောကုန်း၊ တင်ပါး၊ ခြေချင်းဝတ်စသည့် နေရာ များတွင် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထုံဘိုလေးကျေးရွာသားတစ်ဦးက “ရွာမှာက တိုက်ပွဲဖြစ်ရင်ပြေးရမဲ့နေရာတွေက ကျဉ်းတယ်။ လက်နက်ကြီးကတော့ မကြာ မကြာထုနေတာပဲ။ တိုက်ပွဲတွေဘယ်လိုဆက်ဖြစ်လာမလဲ မသိတော့ အထုပ်တွေကအမြဲ ကြိုတင်ပြင်ဆင်ထား တယ်။ စိတ်ညစ်တယ်။ မိသားစုကို ဘယ်ကို ရွှေ့လို့ရွှေ့ရမှန်းမသိဘူး။ ရွာကအိမ်တွေလည်း လူတောင် မနေရသေးဘူး လက်နက်ကြီးထိလို့ ပျက်စီးသွားတဲ့အိမ်တွေလည်းရှိတာပဲ။” ဟု ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် ယခုလို လက်နက်ကြီးကျည်များ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲသောကြောင့် ဒေသခံ ကျေးရွာသား များ အနေဖြင့်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ကေအဲန်ယူ၏ ယနေ့ ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။
စစ်ကောင်စီတပ်များသည် ကေအဲန်ယူတပ်မဟာ (၁) နယ်မြေအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း မှတစ်ဆင့်ပြည်သူပိုင်နေအိမ်များကို ပစ်မှတ်ထားဗုံးကြဲနေသည်သာမက အခြားသော နှစ်ဖက်တိုက်ပွားဖြစ်ပွားနေသည့် နေရာများတွင်လည်း တိုက်ပွဲနှင့်မသက်ဆိုင်သည့် ပြည်သူလူထုကျေးရွာရပ်ကွက်အတွင်းသို့ လေကြောင်း၊ ဒရုန်း၊ ဟာဝှစ်ဇာ စသည့်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း အရပ်ဖက်နှင့်စစ်ရေးသတင်းအရင်းမြစ်များက ပြောဆိုသည်။
အလားတူ သထုံမြို့နယ်ကျေးရွာများထဲသို့ စစ်ကောင်စီတပ်များမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် ထိတ်လန့်စိုးရိမ်မှုဖြင့် နေထိုင်နေရပြီး မကြာခဏ တိမ်းရှောင်နေကြရမှုလည်း ရှိနေကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။