မတ်လ ၁၄ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် နယ်စပ် မြဝတီမြို့၊ ရေပူကျေးရွာစာသင်ကျောင်းအနီးနေထိုင်သည့် ကရင်လက်နက် ကိုင်တပ်ဖွဲ့ဝင်တစ်ဦး မတ်လ ၁၃ရက် ညပိုင်းက နေအိမ်ခြံဝင်းအတွင်း စကားများခိုက်ရန်ဖြစ်ပွားစဉ် ပစ်ခတ်ခံရပြီး သေဆုံးသည့်သတင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF က ဝင်ရောက်ပစ်ခတ် သည်ဟု စစ်တပ်က သတင်းမှားလိုက်လံဖြန့်နေကြကြောင်း မြို့ခံများက ပြောသည်။
ယမန်နေ့ညတွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ မြို့တွင်းဝင်ရောက်ပစ်ခတ် သည့်အတွက် အဆိုပါ ကရင်လက်နက်ကိုင်အဖွဲ့ဝင်သေဆုံးသည်ဟုဆိုကာ စစ်ကောင်စီတပ်က သတင်းမှား ဖြန့်ဝေနေကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။
“အဖွဲ့အစည်းဝင်ထားပြီး အလုပ်လုပ်တဲ့ အိမ်က ရန်ဖြစ်ကြတာကနေ ပစ်ကြ တာ့ တစ်ယောက် သေတယ်။ တစ်ယောက် ဒဏ်ရာရတယ်၊ အဲ့ဒါမှာ မြဝတီလုံခြုံရေးလှည့်နေတဲ့ BGF တွေ ရောက်လာပြီး သေနတ်ခြောက်လှန့်ပစ်တာ မျိုးရှိတယ်။ အဲ့တာကို PDF တွေ မြေနီကုန်း ရပ်ကွက်ဘက်ကနေ ရေပူရွာဘက် လာတယ်ဆိုပြီး ပစ်ကြခတ်ကြတယ်လို့ သတင်းတွေ တင်ကြ၊ ကြေးနန်းတွေ လိမ်တင်ကြတာမျိုးလုပ်တာ”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူသတင်းအရင်းအမြစ်က ပြောသည်။
ယမန်နေ့ဖြစ်စဉ်နှင့်ပတ်သက်၍ ရေပူရွာ အမှတ် ၅ ရပ်ကွက်၊ ပိတောက်လမ်းနေထိုင်သော ခွန်မောင်ငယ် ဆိုသူ ဦးခေါင်းဘက်ပစ်ခတ်ဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးခဲ့ပြီး ဖြိုးမင်းလှိုင်ဆိုသူမှာ လက်ဝဲဘက် လက် တံတောင်ဆစ်ကျည်အစ ရှပ်ထိဒဏ်ရာများဖြင့် မြဝတီဆေးရုံသို့ ရောက်ရှိလာကြာင်း၊ အကြမ်း ဖက် လက်နက်ကိုင်များ ဝင်ရောက်ပစ်ခတ်၍ မြဝတီမြို့ BGF လုံခြုံရေးတပ်ဖွဲ့က လိုက်လံပစ်ခတ်ရှင်းလင်း ခဲ့ကြာင်း စစ်ကောင်စီတပ်က လူမှုကွန်ရက်စာမျက်နှာများပေါ်နှင့် ဒေသခံလက်နက်ကိုင် အဖွဲ့များကြားတွင် သတင်းလိုက်လံဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ညက ရပ်ကွက်ထဲ ကျောင်းကြီးနားပစ်ကြတယ်။ PDF တွေ နဲ့ ဖြစ်ကုန်ပြီ ဆိုပြီး ပြေးပုန်းတာပေါ့၊ နောက်တော့ BGF ကားတွေ ရပ်ကွက်ထဲဝင်လာတာ အများကြီးပဲ၊ နောက် လူနာတင်ကား လာသယ် မောင်းထွက်သွားတယ်၊ ရေပူရပ်ကွက်က အဖွဲ့အစည်းဝင်ပြီး လုပ်စားကိုင်စားသူများတယ်၊ ကားမောင်း ၊ ကားပို့၊ ဂိတ်ထိုင်၊ ဂိမ်းရုံဖွင့်၊ ဆိုင်ဖွင့်၊ ကယ်ရီလုပ်၊ ပစ္စည်းချတဲ့ အလုပ်တွေ လုပ်ကြသူတွေအနေများ တယ် ”ဟု ရေပူ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောသည်။
လတ်တလော မြဝတီ မြို့အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ စစ်ရေးတင်းမာမှုဆက်ရှိနေပြီး ဒေသအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည့် သတင်းများ ပျံ့နှံ့နေမှုကြောင့် မြဝတီမြို့ဒေသခံများ စိုးရိမ်ပူပန် မှုများမြင့်တက်နေကြကြောင်း သိရှိရသည်။



















