မတ်လ ၅ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ ငွေကြေးဈေးကွက်မှာ ယခုဖေဖော်ဝါရီလအတွင်း မြန်မာကျပ်ငွေတန်ဖိုးဆက်တိုက် ကျဆင်းလာနေပြီး ဖေဖော်ဝါရီလ ၅ ရက်ယနေ့တွင် မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၉၉၅ဘတ် အထိ စျေးနှုန်းထိုးကျလာနေကြောင်း မြန်မာပြည်သို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
” အရင်က ကျပ်တစ်သိန်းကို ဘတ်ငွေတစ်ထောင်ငါးဆယ်ဘတ်နှုန်းလောက်နဲ့ ငြိမ်နေတာ၊ အခု ဒီ ဖေဖော်ဝါရီလမှာ ဘတ်ဈေးထပ်တက်လာတယ်။ အခုက ဘတ်ဝယ်မယ်၊ မြန်မာငွေနဲ့ဆို တစ်သိန်း ကျပ်ကို ဘတ် ၉၉၅ ဘတ်၊ ဘတ်ကနေ မြန်မာငွေလွှဲမယ်ဆို တစ်သိန်းကို ဘတ် ၁၀၀၅ ဘတ်ပဲရမယ်။ ဈေးက မြန်မာငွေ တန်ဖိုးကျလာတယ်၊ နယ်စပ် မြဝတီကလည်း စစ်တိုက်မယ်ဆိုတဲ့ သတင်းတွေ ပျံ့ နေတော့ ထိုင်းကုန်တွေ မြန်မာပြည်ထဲ ပို့ရတာ ခက်ကုန်တယ် ” ဟု မဲဆောက်ဈေးရှိ ဘတ်ငွေလွှဲ လုပ်ငန်းလုပ်သူက ပြောသည်။
လက်ရှိ မြဝတီမြို့ပတ်ဝန်းကျင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပါင်း မဟာမိတ်တပ်များ စစ်ရေးလှုပ်ရှားမည့် သတင်းများ ဖြစ်ပေါ်နေသလို ဖားအံ၊ လှိုင်းဘွဲမြို့ဘက်တွင် လည်း စစ်တပ်လက်အောက်မှ ခွဲထွက်မည့် BGF နယ်ခြားစောင့် တပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှု ဆက်ရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။
ကရင်ပြည်နယ်အတွင်း စစ်သားစုဆောင်းတော့မည့် သတင်းများ၊ စာရင်းကောက်ယူမှုများကြာင့် စစ်မှု ထမ်းအသက်အရွယ်ရှိသည့် လူငယ် /လူလတ်များ ထိုင်းနိုင်ငံဘက် ရှောင်တိမ်းလာမှုအများ အပြားရှိ နေပြီး ထိုင်းဘတ်ငွေဈေးမြင့်တက်မှုကြောင့် ထိုင်းနိုင်ငံအတွင်းသို့ သွားလာစရိတ်လူတစ်ဦးလျှင်သိန်း ၃၀ ကျပ်မှ သိန်း ၅၀ ကျပ်အထိ ပို့ဆောင်ခများ မြင့်တက်လာနေကြောင်း လတ်တလော ထိုင်းဘက် တိမ်းရှောင်လာသူများက ပြောသည်။
” ဖားအံမှာ နေမရဲတော့ဘူး၊ စစ်တပ်က စစ်သားစုမလား၊ BGF က စစ်သားစုမလားချောင်းနေပြီ၊ တောင်ပါ်တက်ဖို့ က ဘတ်ဈေးတက်လာတော့ အခု မြန်မာငွေသိန်း ၃၀ ကို ဘတ်လဲရင် ၃သောင်း ပေါ့ ၊ အရင်ကဆို ဘတ်လဲရင် ၃သောင်းခွဲ လောက်ရတယ်။ အခုက မြန်မာငွေ တန်ဖိုးက နေ့တိုင်းနည်းနည်းစီ ဈေးကျလာနေတော့ ကယ်ရီခတွေ ဈေး ပိုပိုလာတာပေါ့” ဟု ဖားအံမှ ရှောင်တိမ်းလာသူ လူငယ် က ပြောသည်။
ထိုသို့ ထိုင်း-မြန်မာ နယ်စပ် မြန်မာပြည်ဘက်အခြမ်းတွင် KNLA ပူးပေါင်းတပ်နှင့် စစ်တပ်တို့ တိုက်ပွဲ များဖြစ်ပွားနေမှု၊ စစ်သားစုဆောင်းမှုကြောင့် လူငယ်များ ထိုင်းဘက်တိမ်းရှောင်လာခြင်းအပြင် မြန်မာ ပြည်က မြဝတီကုန်သွယ်ရေး လမ်းကြောင်းသွင်းကုန် /ပို့ကုန်များရပ်ဆိုင်းပြီး စားသာက်ကုန်များသာ တင်သွင်း မှုရှိနေခြင်းကြောင့် ယခုလအတွင်း ဘတ်ငွေဈေး ဆက်လက် မြင့်တက်လာနေခြင်း ဖြစ်ကြောင်း မြဝတီမြို့ရှိ ကုန်သည်လုပ်ငန်းရှင်များက ပြောသည်။



















