Home သတင်း ဖလူးတပ်စခန်း သိမ်းယူခံရသဖြင့်‌ စစ်ကောင်စီက လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကျဲနေ

ဖလူးတပ်စခန်း သိမ်းယူခံရသဖြင့်‌ စစ်ကောင်စီက လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကျဲနေ

1680
Photo: CJ

မတ်လ ၁၁ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ဖလူးတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယနေ့ မတ်လ ၁၁ရက်၊ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေ ကြောင်း ဒေသခံများက ပြောသည်။

“မနက် ၉နာရီဝန်းကျင်မှာ စဖြစ်တာ။ အခုတော့ စခန်းရသွားပြီး ပစ်ခတ်သံတော့ကြားနေရတုန်းပဲ။ လေယာဉ်လည်း အဆက်မပြတ် လာရောက်ဗုံးကြဲနေတယ်။”ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဖလူးစခန်းနေရာသည် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေအတွင်း တည်ရှိပြီး ၎င်းတပ်စခန်းကို ကော်ဘရာစစ်ကြောင်း (Cobra Column)က ယနေ့မနက် ၉နာရီဝန်းကျင်မှ စတင်တိုက်ခိုက်ပြီး ည ၉နာရီအချိန်ထိ ‌‌ပစ်ခတ်သံများ ကြားနေရပြီး လေယာဉ်ဖြင့်လည်း အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းယူမှုနှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူ မြေပြင် သတင်းအရင်းအမြစ်တစ်ဦးကလည်း “ဖလူးစခန်းတော့ ရပါပြီး။ Cobra Column 2 Venmo စစ်ကြောင်းက ဝင်ရောက် သိမ်းပိုက်ခဲ့တာပါ။”ဟု ကေအိုင်စီသို့ အတည်ပြု‌ ပြောဆိုသည်။

Photo: CJ

ထိုသို့ စခန်းသိမ်းခံရသည့်အတွက် ဖလူးဒေသကို စစ်ကောင်စီဘက်မှ ယနေ့ မတ်လ ၁၁ရက် ည ၈နာရီဝန်းကျင်မှစ၍ ည ၁၀နာရီအချိန်ထိ လေယာဉ်နှင့် အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာ သို့ ညတွင်းချင်းတိမ်းရှောင်ခဲ့ရပြီး ပိတ်မိနေသည့် ဒေသခံအများအပြားလည်း ရှိနေသေးကြောင်း နယ်စပ်သတင်းအရင်း အမြစ်များထံမှ သိရသည်။

အဆိုပါဖလူးစခန်းသိမ်း တိုက်ပွဲနှင့်ပတ်သက်၍ ထိခိုက်ကျဆုံးမှု၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများကို ကေအိုင်စီ အနေဖြင့် သတင်းဖော်ပြချိန်အထိ မသိရှိရသေးသော်လည်း ဆက်လက် စုံစမ်းသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၇ရက်နေ့က မြ၀တီခရိုင်၊ သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း (ခမရ-၃၅၅)စခန်းကို KNLA-ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။