Home သတင်း ကော့ကရိတ်မြို့ပြင်ရှိ စစ်တပ်ထောက်ခံသည့် ကျေးရွာများတွင် ခိုးရာပါပစ္စည်းအရောင်းအဝယ် ဈေးကွက်ဖြစ်နေ

ကော့ကရိတ်မြို့ပြင်ရှိ စစ်တပ်ထောက်ခံသည့် ကျေးရွာများတွင် ခိုးရာပါပစ္စည်းအရောင်းအဝယ် ဈေးကွက်ဖြစ်နေ

737
Photo: CJ

မတ်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့အတွင်း တိုက်ပွဲကာလ၌ နေအိမ်ဖောက်ထွင်းခိုးယူခံခဲ့ရသည့် အဖိုးတန်ပစ္စည်းများကို စစ်တပ်ထောက်ခံသူ အများစုနေထိုင်သည့် ကျေးရွာများတွင် အရောင်းအဝယ်ပြုလုပ်သည့် ဈေးကွက် ဖြစ်နေကြောင်း ကော့ကရိတ်မြို့သိမ်းတိုက်ပွဲတွင်ပါဝင် တိုက်ခိုက်နေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

“ကော့ကရိတ်က စစ်တပ်သတင်းပေးတွေ၊ စစ်တပ်ကင်းပုန်းပတ်တဲ့သူတွေ၊ PDF တွေရှိ နေတဲ့နေရာ တွေကို သတင်းပို့ပေးတယ်။ လူမရှိ စစ်ဘေးရှောင်နေတဲ့ အိမ်တွေက ပစ္စည်းခိုးတယ်။ ပြီးရင် ကိုယ့် ပစ္စည်း အိမ်လာ ပြန်သယ်သလို ပုံစံမျိုးနဲ့ ရေကျော်ကြီးရွာ၊ ရေလယ်ကုန်းရွာ၊ လှိုင်ဝရွာ ဘက်တွေမှာ တဆင့်လာပြန်ရောင်းဝယ် နေကြတာ၊ သူခိုးဈေးကွက်လို ဖြစ်နေတယ်လို့ သိရတယ်။ တချို့ ဆိုင် ကယ်တွေ၊ ကားတွေ ၊ ရေစက်တွေ၊ ဆိုလာပြားတွေ၊ တီဗွီတွေ၊ အိုးခွက်တွေ ရောင်းနေကြတယ်” ဟု PDF စစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ပစ္စည်းခိုးယူသူများ၊ စစ်မြေပြင်အခြေအနေ ထောက်လှမ်းပြီး စစ်တပ်ကို သတင်းပေးနေသူများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိမှုများ ရှိသော်လည်း အရပ်သား များအပေါ် လူသားချင်းစာနာထောက်ထားပြီး ဖမ်းဆီးနှိပ်စက်ခြင်းမပြုဘဲ အသိပညာပေး ပြန်လွှတ် ပေးပြီး ၎င်းတို့ကို ပစ်ခတ်ခြင်း မပြုရန် တပ်ဖွဲ့ဝင်များအား သတိပေးထားရကြောင်းလည်း အဆိုပါ တာဝန်ရှိသူကဆက်ပြောသည်။

“ကော့ကရိတ်က မြို့ထဲသူခိုးပေါ‌နေတာမျိုးပေါ့။ စစ်တပ်က PDF ဘယ်နားရှိနေလဲ စုံစမ်း လိုက်ကြည့်တဲ့သူတွေ ပေါ့။ သူတို့ကို ကျနော်တို့ ဖမ်းမိတယ်။ နောက်မလုပ်ဖို့ ပြောပြီးပြန်လွှတ်ပေးတာ ခဏ ခဏ ရှိပြီး။ အခုက ပိုဆိုးလာတယ်။ အိမ်တွေ၊ ဆိုင်တွေ ဖောက်ထွင်းတယ် ခိုးတယ်။ ပြီးတော့ သူများအိမ်တွေ မီးရှို့ပြီး ထွက်ပြေးတယ်။ ဂျနီဗာကွန်ဗန်းရှင်းအရ အရပ်သားကို ကျနော်တို့ သတိ ထားရတယ်။ ပစ်ခတ်လို့မရဘူး။ စစ်ကြောင်းက ရဲဘော်တွေကို သတိပေး ထားနေရတယ် “ဟု တော်လှန်ရေးဘက် စစ်ရေးသတင်းအရင်းမြစ်က ပြောသည်။

လတ်တလောတွင် ကော့ကရိတ်မြို့ကို ၆၀ ရာခိုင်နှုန်းခန့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပါင်းတပ်ဘက်က ထိန်းချုပ်ထားနိုင်ပြီး နောက်ထပ် စစ်ကောင်စီ၏ ကျန်ရှိသည့် ခြေလျင်တပ်ရင်း (ခလရ-၉၇) နှင့် ရဲစခန်းနေရာများကို ဆက်လက်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း တော်လှန်ရေး အင်အားစုဘက်က ပြောဆိုထားသည်။

အလားတူ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးအပြင် ဒရုန်းယာဉ်နှင့် မီးလာင်ဗုံးများကိုပါ အသုံးပြု၍ ပြန်လည်တုန့်ပြန်တိုက်ခိုက်နေပြီး လူနေအိမ် မီးလောင်မှုများလည်း မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိကြောင်း နယ်မြေခံစစ်ရေးသတင်း အရင်းအမြစ်များက ဆိုသည်။