မတ်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ် စောမိညိုလမ်းပိုင်းရှိ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကောင်စီတပ်က ထပ်မံသတိပေးပြောဆိုလာသောကြောင့် နေအိမ်အလုံးပေါင်း ၇၀ ကျော် ဖျက်သိမ်းပြီး ပြောင်းရွှေ့နေထိုင်ကြရကြောင်း မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်အခြေချနေထိုင်ရန် အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်တွင် စောမိညိုလမ်းပိုင်းရှိ နေအိမ်များကို ဖျက်သိမ်းခိုင်းရန် စစ်တပ်က ပထမအကြိမ် လာရောက်ဖိအားပေး ပြောဆိုခဲ့သည်။
ထို့နောက် ယခု မတ်လ ၈ ရက်မှ စတင်ကာ နေအိမ်များကို ငါးရက်အတွင်း ဖျက်သိမ်းပေးရန်အတွက် ထားဝယ်စုပေါင်းရုံးတွင် ဒုတိယအကြိမ် ထပ်မံသတိပေးမှုများ လုပ်ဆောင်လာသောကြောင့် ယခုလို နေအိမ်များကို ဖျက်သိမ်းမှုလုပ်ဆောင်လာကြခြင်းဖြစ်ကြောင်း ထားဝယ်မြို့နေ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့လကစပြီးဖျက်သိမ်းခိုင်းတာ ဒါပေမဲ့ ဘုန်းကြီးက ကြားဝင်ညှိနှိုင်းပေးတော့ အဲ့ကိစ္စကို ရပ်လိုက်ကြတယ်။ အခုတော့ ဒုတိယအကြိမ်ဆိုတော့ ကိုယ်အိမ်ကို ဖျက်ပြီး စပြီးရွှေ့ပြောင်း နေကြရ တယ်။ အိမ်တော်တော်များများကတော့ ရွှေ့ပြောင်းနေကြပြီး မနေ့က စပြီးတော့။”ဟု ကေအိုင်စီ သို့ ပြောသည်။
စောမိညိုလမ်းပိုင်းတွင် အဓိက ဖျက်သိမ်းခိုင်းရန် ဖိအားပေးခံရသည့် နေအိမ်များမှာ လယ်ယာ မြေ ပေါ်တွင် ဆောက်လုပ်ထားသည့် နေအိမ်များ ဖြစ်ကြပြီး ၎င်းတို့ထဲတွင် စပါးဂိုဒေါင်များ၊ ကြက်ခြံများနှင့် ပွဲရုံများလည်း ပါဝင်နေကြောင်း ၎င်းကဆက် ပြောသည်။
အဆိုပါလမ်းပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များကြား မကြာ ခဏထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့်နေရာလည်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“အိမ်ပိုင်ရှင်တွေကတော့ စိတ်ဓာတ်ကျတာပေါ့။ တချို့ကျတော့လည်း တန်ဖိုးနည်း အိမ်ခန်းတွေမှာ လိုက်ငှားနေကြရတယ်။ အဲ့ဒီဘက်တွေက စစ်ဘေးရှောင်တွေ အများဆုံး လာငှားနေကြတဲ့နေရာတွေ။ အလုပ်ပိုရှုပ်တဲ့ သဘောဖြစ်သွားတာပေါ့။ ဘုန်းကြီးကျောင်းတွေ၊ အမျိုးတွေအိမ်မှာ လိုက်နေကြရတယ်။ လက်ရှိအခြေအနေကတော့။”ဟု နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောသည်။
၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း စောမိညိုလမ်းပိုင်းအနီး ဘုမ္မော်ရပ်ကွက်ရှိ တံတား တစ်စင်းကိုလည်း ပြီးခဲ့သည့် မတ်လ(၇)ရက်နေ့တွင် သံဆူးကြိုးများနှင့် အခိုင်အမာ ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။
ယခင် NLD အစိုးရလက်ထက် ၂၀၂၀ ခုနစ်ကလည်း စောမိညိုလမ်းမှ အိမ်များကို တစ်လအတွင်းဖျက် သိမ်းပေးရန်နှင့် မဖျက်သိမ်းပေးပါက တရားစွဲဆိုမည်ဟု မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ပြောဆိုရာတွင် လမ်းပိုင်းအတွင်း နေထိုင်သူများက နေစရာမရှိသောကြောင့် အသနားခံ စာတင်ကာ ဆက်လက်နေ ထိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။



















