ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၁၆)နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျန်ရစ်သူတော်လှန်ရေး လုပ်ဖော်ကိုင်ဖက်ခေါင်းဆောင်များ ဦးဆောင်၍ ထိုင်း-မြန်မာနယ်စပ် တစ်နေရာ၌ ပြုလုပ်ခဲ့ကြသည်။
ယနေ့နံနက် ၉ နာရီက စတင်သည့် အခမ်းအနားတွင် ပဒိုမန်းရှာလားဖန်းနှင့်တကွ ပြည်တွင်းစစ်နှင့် အာဏာရှင်တော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသည့် ပြည်သူ့သူရဲကောင်းများအား ဂုဏ်ပြုခြင်းအား ဖြင့် ၁ မိနစ် ငြိမ်သက်အလေးပြုခဲ့ကြပြီး လက်ရှိ ကေအဲန်ယူတွဲဘက်အထွေထွေ အတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းတို့က အွန်လိုင်းမှတဆင့် တက်ရောက်၍ အောက် မေ့ဖွယ်အမှတ်တရ စကားများ အသီးသီး ပြောကြားခဲ့ကြသည်။
အမှတ်တရစကားများ ပြောဆိုရာတွင်လည်း ပဒိုမန်းရှာလားဖန်း၏ တော်လှန်ရေးကာလအတွင်း ပေး ဆပ်ခဲ့မှုအနစ်နာခံရမှု နိုင်ငံရေးအမြော်အမြင်ရှိမှုများကို မပြီးဆုံးသေးသည့် နွေဦးတော်လှန်ရေး လုပ် ဆောင်သူများအနေဖြင့် အတုယူရမှာဖြစ်ပြီး ပဒိုမန်းရှာလားဖန်းချမှတ်ခဲ့သည့် လမ်းစဉ်များကိုလည်း ပခုံးပြောင်းဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်း၏လုပ်ဖော်ကိုင်ဖက်ဟောင်း ဖြစ်ခဲ့သူ ပဒိုစော သမိန်ထွန်းက ယခုလို ပြောကြားခဲ့သည်။
“ဒီနေ့ဟာ ပဒိုမန်းရှာလားဖန်းကျဆုံးတဲ့နေ့ဖြစ်ပေမဲ့လည်း ဒို့တွေရဲ့ နှလုံးသားထဲမှာ ပဒိုမန်းရှာလား ဖန်းဟာ ရှိနေဆဲပဲဖြစ်တယ်။ ဒီနေ့မှာလည်း ပဒိုမန်းရှာလားဖန်းကိုလေးစားတဲ့၊ ချစ်တဲ့၊ မြတ်နိုးတဲ့ သူတွေ သူ့ကို အောက်မေ့ သတိရတဲ့၊ လွမ်းဆွတ်တဲ့အခမ်းအနားတွေကို ပြုလုပ်ရင်းနဲ့ သူချန်ထားခဲ့တဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ဖို့အတွက် လုပ်ဆောင်ကြ ရမှာဖြစ်တယ်။ ”ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ပဒိုစောသမိန်ထွန်းက “အခုလက်ရှိ နွေဦးတော်လှန်ရေးရဲ့ သုံးနှစ်ကျော်အလွန်ကာလမှာ လည်း နွေဦးတော်လှန်ရေးနှင့်အတူတော်လှန်ရေးကို လုပ်နေကြတဲ့ သူတွေလည်း ပဒိုမန်းရှာချမှတ်ခဲ့တဲ့ အဆိုအမိန့်တွေကို ပခုံးပြောင်းလက်လွှဲယူပြီး အောင်မြင်အောင်လုပ်ဆောင်ကြရမယ်။”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ယနေ့ ပြုလုပ်ကျင်းပသည့် အခမ်းအနားတွင် ပဒိုမန်းရှာလားဖန်း၏ အငယ်ဆုံးသားဖြစ်သူ စလုံ့ဖန်း လည်း တက်ရောက်ခဲ့ပြီး ယခုလိုမမေ့မလျော့အခမ်းအနား ကျင်းပပေးသည့်အတွက်ကြောင့် ကျေးဇူးတင် ကြောင်းနှင့်စစ်အာဏာရှင်တော်လှန်ရေးအတွင်း ပူးပေါင်းပါဝင်ပေးခဲ့ကြသူများကိုလည်း ကျေးဇူး တင်ကြောင်း ပြောကြားခဲ့သည်။
၎င်းက “ကရင်လူမျိုးတွေဖြစ်စေ၊ လက်နက်ကိုင်တွေဖြစ်စေ၊ ပြည်သူတွေဖြစ်စေ အခုလို အမှတ်တရ ရှိနေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အာဏာရှင်စနစ်ကို ပြိုလဲဖို့အတွက် ပါဝင်တဲ့သူ တွေအားလုံးကို ကျေးဇူးတင်တယ်။ တန်ဖိုးထားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယနေ့အခမ်းအနားတွင် ပဒိုမန်းရှာလားဖန်း၏သားဖြစ်သူ ပဒိုစောစေးစေးဖန်း၊ သမီးဖြစ်သူ နန့်ဇိုယာဖန်းအပြင် ယခင်လုပ်ဖော်ကိုင်ဖက်နှင့် ၎င်းကိုလေးစားကြသည့် ခေါင်းဆောင်အသီးသီးမှ ဂုဏ်ပြုအမှတ်တရစကားပြောခြင်းနှင့် ကဗျာရွတ်ဆိုခြင်းအစီအစဉ်များကိုပါ ထည့်သွင်းပြုလုပ်ခဲ့ကြသည်။
ပဒိုမန်းရှာလားဖန်းကို ၁၉၄၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တော ကျောင်းရွာမှာ မန်းဘသော် နှင့် ဂါ့နမ်တင်တို့က မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၃ ဦးအနက် ဒုတိယ မြာက်သားဖြစ်သည်။ ငယ်နာမည်မန်းချစ်ရွှေ ဖြစ်ပြီး ကရင့်တော်လှန်ရေးထဲတွင် မန်းရှာလားဖန်းနာမည်ဖြင့် တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။
ပဒိုမန်းရှာလားဖန်းကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက် မြို့ရှိ ၎င်းနေထိုင်ရာ နေအိမ်၌ မသမာသူများ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။



















