Home သတင်း စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ပြော

စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ပြော

169
Photo: MNLA

ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်သစ်ပါတီ(NMSP)ဗဟို၏ စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်ရန် ဆုံးဖြတ်ချက်ကို လက်မခံသဖြင့် ရပ်တည်ချက်ချင်းတူညီသူပါတီဝင်၊ ရဲဘော်များနှင့် စစ်အာဏာရှင်တိုက်ဖျက်ရေးတွင် လက်နက်ကိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း NMSP နိုင်ငံရေး စစ်ရေးဦးဆောင်အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ကြေညာထုတ်ကာ ပြောဆိုလိုက်သည်။

NMSP ၏ ပြီးခဲ့သည့် (၁၁)ကြိမ်မြောက် ပါတီညီလာခံတွင် ပြည်သူများကိုအကာအကွယ်ပေးရန် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ရပ်တည်ချက်များကို ဆွေးနွေးခဲ့သော်လည်း ပါတီဗဟိုအနေဖြင့် စစ်ကောင်စီနှင့် နှစ်ဖက်သဘောတူအပစ်ရပ်စာချုပ်အပေါ်တွင် ရပ်တည်ပြီး ဆက်လက်ပူးပေါင်း ဆက်ဆံရန် ဆုံးဖြတ်ချက်ကြောင့် ထိုသို့ ရပ်တည်ရခြင်းဖြစ်သည်ဟု ထိုအဖွဲ့ထံမှ သိရသည်။

ဗဟိုနှင့် အဖွဲ့ကြား မိမိတို့ယုံကြည်ရာနည်းလမ်းအတိုင်း ဆက်သွားမည့်အပေါ်တွင် ပဋိပက္ခမဖြစ်စေရန် ရှောင်ရှားဆောင်ရွက်သွားမည်ဖြစ်သလို မွန်ပြည်သစ်ပါတီတစ်ခုလုံးအနေဖြင့် ရည်ရွယ်ချက်ပန်းတိုင်ချင်း တူညီကြောင်း အဖွဲ့၏ ဒုတိယခေါင်းဆောင်(၁) နိုင်ဗညားလယ်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “မွန်ပြည်သစ်ပါတီတစ်ခုလုံးအနေနဲ့ရည်ရွယ်ချက်ပန်းတိုင်ကတော့တူတူပဲ လုပ်ပုံ လုပ်နည်း ကတော့ ကွဲပြားသွားတာပေါ့၊ မွန်ပြည်သစ်ပါတီဗဟိုအနေနဲ့ Bilateral (နှစ်ဖက် အပစ်ရပ်စာချုပ်)ကို ဆက်ပြီးတော့ ထိန်းသိမ်းမယ်၊ ကျနော်တို့ကတော့ စစ်အာဏာရှင်စနစ်ကိုတိုက်မယ် ။ နည်းလမ်းကွဲတဲ့အပေါ်မှာတော့ ကိုယ်ယုံကြည်တဲ့နည်းလမ်းနဲ့သွားမှာပါ။ တဖက်ရဲ့ သဘောထားကိုမသိရသေးဘူဆိုပေမဲ့ ကျနော်တို့ကတော့ပဋိပက္ခမဖြစ်အောင် ရှောင်ရှားပြီးတော့ လုပ်ဆောင်မှာပါ။” ဟု နိုင်ဗညားလယ်က ပြောသည်။

NMSP အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် အစိုးရအဆက်ဆက်ဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့သလို စစ်ကောင်စီနှင့်လည်း ပြည်ထောင်စုတည်ဆောက်ရေးအခြေခံမူများ၊ ကိုယ်ပိုင်ပြဌာန်းခွင့်် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး တို့အား ညှိနှိုင်း တင်ပြခဲ့သော်လည်း စစ်ကောင်စီကလက်ခံခြင်းမရှိသည့်အပြင် မွန်ပြည်နယ်အတွင်း လက်နက်ကြီး နှင့်လေကြောင်းတိုက်ခိုက်မှုများ၊ အကြမ်းဖက်သတ်ဖြတ်ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

ထိုအတွက်ကြောင့် နိုင်ငံရေးအရ တွေ့ဆုံမှုများအား ရပ်ဆိုင်းပြီး မိမိတို့ပါတီညီလာခံအတွင်း အချင်း ချင်းကြား တင်ပြညှိနှိုင်းဆွေးနွေးသော်လည်း စစ်ကောင်စီကိုတော်လှန်သည့်နည်းလမ်းအပေါ် ရပ်တည်ခြင်းမရှိဟု နိုင်ဗညားလယ်က ဆက်ပြောသည်။

“ကျနော်တို့လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက်က စစ်ကောင်စီကို ခြေ မှုန်းပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းမှသာ ပန်းတိုင်ကိုရောက်ရှိနိုင်မယ်လို့မြင်တယ်။ ဒီအပေါ်မှာပြီးခဲ့တဲ့ ပါတီညီလာခံမှာ ကျနော်တို့တင်ပြဆွေးနွေးတဲ့အခါမှာ အများအားဖြင့်က စစ်ကောင်စီကို တိုက်ခိုက်ဖို့ နည်းလမ်းကို မရွေးချယ်ဘဲ ကိုယ့်ဒေသငြိမ်းချမ်းဖို့ စစ်ကောင်စီနဲ့ ဆက်လက်ပြီးဆက်ဆံသွားမယ့် အကြောင်း ဆုံးဖြတ်ချက်ချမှတ်တယ်” ဟု ၎င်းက ပြောသည်။

အဖွဲ့အနေဖြင့် လက်နက်ကိုင်တိုက်ပွဲဝင်မည့်နည်းလမ်းအပေါ်တွင် NMSP ၏ မွန်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-MNLA မှ အရာရှိ၊ ရဲဘော်များ ပါဝင်လာမည်ဖြစ်သော်လည်း ခန့်မှန်းအရေအတွက်ကို မသိရှိရသေးကြောင်း အဖွဲ့တာဝန်ရှိသူက ဆိုသည်။

NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် NMSP အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုတိယအဖွဲ့ခေါင်းဆောင်(၁)အဖြစ် နိုင်ဗညားလယ်၊ ခေါင်းဆောင်(၂)အဖြစ် NMLA ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောတို့က တာဝန်ယူဆောင်ရွက်နေသည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ကို NLD နှင့် လက်မှတ်ရေးထိုးခဲ့သော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် NMSP အနေဖြင့် စစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ် ဆောင်ခဲ့သလို NCA လမ်းစဥ်အတိုင်းဆက်သွားမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့-PPST တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင် ရွက်ခဲ့သည်။

ထို့အတူ PPST အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA)က လည်း ပအိုဝ်းဒေသအတွင်း စစ်ကောင်စီနှင့်ဖြစ်ပွားသော ပဋိပက္ခများ၊ စစ်ကောင်စီကြောင့် ဒေသအတွင်း အရပ်သား ထိခိုက်သေဆုံးရသည့်ဖြစ်စဥ်များနှင့်ပတ်သက်၍ စစ်ကောင်စီကို ဆန့်ကျင်၍ ညီနောင် မဟာမိတ်များဖြင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ လ(၂၆)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး တိုက်ပွဲဝင်လျက်ရှိသည်။