ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေတွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်မှစ၍ စက်တင် ဘာလ ၃၀ ရက်နေ့အထိ ၄ လခွဲကြာသည့် တောင်ပိုင်းစစ်ဒေသ၏ အပတ်စဉ် (၅ ) အထူးစစ်ဆင်ရေး သင်တန်း ကို ပြုလုပ်ပြီးစီးခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့− SOF က ယနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ အပတ်စဥ် (၅) အထူးစစ်ဆင်ရေးသင်တန်းကို အခြေခံစစ်ပညာသင်တန်းတစ်လခွဲ ၊ အထူးစစ်ဆင်ရေး သင်တန်းနှစ်လနှင့် အထူးမွမ်းမံသင်တန်းအဖြစ်အဖွဲ့ခွဲ၍ စနိုက်ပါသင်တန်း၊ ဆေးသင်တန်း၊ လက်နက်ကြီး သင်တန်း၊ ဒရုန်းသင်တန်း တစ်လဖြင့် ပြုလုပ်ပေးခဲ့သည့်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA မှ သင်တန်း နည်းပြများ၊ U.S မရိမ်းတပ်ဖွဲ့ဝင်ဟောင်း မြန်မာနိုင်ငံသား သင်တန်းနည်းပြများ၊ S.O.F သင်တန်းနည်းပြများမှ ကြီးကြပ်သင်ကြားပေးခဲ့သည်ဟု SOF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အပတ်စဉ် ၅ သင်တန်းကို တောင်ပိုင်းစစ်ဒေသ၏ SPECIAL OPERATION FORCE – S.O.F အထူးစစ်ဆင် ရေးတပ်ဖွဲ့ (၉၉၉၉/အထူးတပ်ဖွဲ့) လက်အောက်တွင် စစ်ကြောင်း (၂) အဖြစ် ထပ်မံဖွဲစည်းခဲ့သည့်အပြင် အခြားသင်တန်းဆင်းရဲဘော်များမှာလည်း မိခင်တပ်ရင်းတပ်ဖွဲများအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်နေလျက်ရှိနေပြီးဟု SOF ကဖော်ပြထားသည်။
ထို့အပြင် အပတ်စဥ် (၅) သင်တန်းဆင်းရဲဘော်များဖြင့် ဖွဲစည်းထားသည့် S.O.F စစ်ကြောင်း (၂) သည် သင်တန်း ဆင်းပြီးပြီးချင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းအတွင်းရှိ ခလယ်တံခွန်တိုင်၊ ချောင်းနှစ်ခွ၊ ကြာအင်းဆိပ်ကြီးမြို့တွင်း၊ တောင်ကြာအင်းစခန်းသိမ်း၊ ကော့ကရိတ်မြို့တွင်း၊ ကျောက်ထုစခန်း သိမ်းစသည့်တိုက်ပွဲများကို ဆက်တိုက်ဆင်နွှဲခဲ့ကြပြီး အောင်ပွဲများကိုလည်း ရယူနိုင်ခဲ့ကြပြီးဖြစ်ကြောင်းလည်း SOF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထိုသို့ ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် သင်တန်းဆင်းပွဲတွင် အလံတော်ကို အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး – ၂ ရဲဘော်စောရှားမှ အမှာစကားပြောကြားခြင်း၊ အထူးတပ်ဖွဲ့၏ တပ်ဖွဲ့မှူး အောင်စံရှားမှ သင်တန်းဆင်း မိန့်ခွန်းပြောကြားခြင်း၊ သစ္စာဓိဌာန်ပြုသစ္စာရည်သောက်ခြင်းနှင့် စစ်ရေးပြလှည့် လည်ကာ အလေးပြုခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ − SOF ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ကေအဲန်ယူတပ်မဟာ (၆) တပ်ရင်း ၁၈ နယ်မြေအတွင်းရှိ ပထမဆုံးသင်တန်း အမှတ် (၁) မှ အထူးရွေးချယ်ထားသည့် ကွန်မန်ဒိုနှင့်စနိုက်ပါသမား ၅၄ ဦးဖြင့် အခြေတည်စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ တစ်ခုတည်းသော တိုက်ခိုက်ရေးနှင့်ချေမှုန်းရေး အထူးလက်ရုံးတပ်ဖွဲ့ ဖြစ်ကြောင်း အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားသည်။
ယခု အပတ်စဉ် ၅ အထူးစစ်ဆင်ရေး သင်တန်းကို အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပြီး တက်ရောက်ခဲ့ သည့်ရဲဘော်များကလည်း မိမိနယ်မြေတွင်တာဝန်များကို ဆက်လက်ထမ်း ဆောင်နေသလို ထပ်မံပြုလုပ်မည့် အပတ်စဥ် (၆) သင်တန်းအတွက်ကိုလည်း သင်တန်းသားများကို စတင်လက်ခံနေပြီးဖြစ်ကြောင်း SOFက ထုတ်ပြန်ထားသည်။