Home လူငယ့်အသံ လူငယ့်အမြင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသရှိ လူငယ်အချို့ ဘာပြောလဲ

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသရှိ လူငယ်အချို့ ဘာပြောလဲ

316

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသရှိ လူငယ်အချို့ ဘာပြောလဲ

ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

နိုင်ငံသားတိုင်း မဖြစ်မနေထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စတင်အသက်ဝင်နေပြီဟု အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြညာထားပါသည်။ အဆိုပါ ဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ နှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများက မဖြစ်မနေ စစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ထိုသို့ စစ်ကောင်စီတပ်မှ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြု ပြဌာန်းလိုက်ခြင်းကြောင့် ပြည်သူလူထုများအကြား ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း မြို့ပေါ်ရှိ လူငယ်အချို့၏ အမြင်သဘောထားများကို ယခုလိုပဲ ဆက်သွယ်မေးမြန်းထားပါသည်။

မြဝတီလူငယ်တစ်ဦး
သူတို့ထုတ်ပြန်တဲ့ ဒီအမိန့်ကြီးက အဓိပ္ပါယ်မရှိဘူး။ လုံခြုံမှုဆိုတာလည်း ဘယ်လိုမှ မရှိတော့ဘူးလေ။ ဘယ်လို နေနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကြီးက ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ စစ်မှုထမ်းရမဲ့အတူတူ ဘာလို့ သူတို့ဆီ မှာစစ်မှုထမ်းမှာလဲ။ အစကတည်းကနေ သူတို့ကိုမကြိုက်လို့ ဆန္ဒပြတဲ့အထဲမှာပါဝင်ခဲ့ တာလေ။ သူတို့အမိန့်ကိုတော့ ဘယ်တော့မှနာမခံဘူး။ စစ်တပ်ထဲဝင်မဲ့အစား တောထဲပဲဝင်လိုက်မယ်။ အဲ့လိုပဲစိတ်ထဲမှာထားထားတယ်။ နဂိုကတည်းကလည်းတောထဲဝင်ချင်တာကြာပါပြီး။ အခုသူတို့ အမိန့်ထုတ်ပြီး နောက်ပိုင်း လူငယ်တွေက တော်ရုံတန်ရုံ မထွက်ရဲတော့ဘူး။ ဥပဒေထုတ်ထားတာ ပေါ်တာဆွဲသလိုပဲလေ။ လစ်ရင် လစ်သလိုဆွဲသွားမယ်။ အဲ့တာလည်း လူငယ်တွေက တော်ရုံ မထွက်ရဲတော့ဘူး။ အရင်ရက်တွေထက် ဆိုရင် နည်းနည်းတော့နည်းလာတာပေါ့။ ကျနော့်လိုပဲ လူငယ်တွေတော်တော်များများ တောထဲဝင်ဖို့ဆက်သွယ် နေကြတယ်။ ဒီမှာတော့ ဘယ်သူမှမနေချင်ကြတော့ဘူး။ သူတို့ဆီမှာဝင်ပြီးတော့ အသေခံမဲ့အတူတူ ကိုယ့်ဘာ သာကိုယ် ဒီဘက်ကိုသွားချင်တဲ့စိတ်ကရှိနေတော့ တောထဲမှာပဲနေလိုက်မယ်။ သူတို့ဆီမှာ အသေခံမဲ့တူတူ နိုင်ငံအတွက် အကျိုးရှိရှိအသေခံလိုက်မယ်။ ဒီဥပဒေက ဘယ်လိုမှတရားမှုမရှိဘူးလေ။ လူတစ်ယောက်က အသက်ပြည့်လို့ စစ်မှုထမ်းရမယ်ဆိုရင် နဂိုကတည်းက ဒီဥပဒေကရှိရမှာလေ။ အခုမှလည်းထုတ်ပြန်တယ်။ ထုတ်ပြန်လည်းပြီးတော့ မဝင်ရင်လည်းထောင်ချမယ်တဲ့။ မိသားစုတွေအတွက်လည်း ဒုက္ခရောက်မယ် အမျိုးမျိုး ဖြစ်နေတာလေ။

အရင်ကတော့ အလုပ်လုပ်မယ်။ ပိုက်ဆံရှာမယ် ကိုယ်လိုချင်တာဝယ်ပြီး ကောင်းကောင်းမွန်မွန်နေမယ်။ ရည်မှန်းချက်တွေအများကြီးရှိတယ်။ အခုဒီလိုထုတ်ပြန်လိုက်တာ ဘယ်လောက်ပဲရှောင်နေရှောင်နေ သူတို့မိသွားရင် ရည်မှန်းချက်ဆိုတာ ပျောက်ပြီး။ အခုဆိုရင် ရည်မှန်းချက်ဆိုတာမရှိတော့ဘူး။ သူတို့လုပ်လို့ ပန်းတိုင်ဆိုတာ အကုန်လုံးပျက်စီးကုန်ပြီး။ လွတ်မြောက်နယ်မြေရောက်သွားလို့ လက်နက်ကိုင်ရရင် အဆုံးထိလုပ်သွားမယ်။ ကိုယ်ဆုံးဖြတ်ပြီးပြီးဆိုရင် ဖြစ်လာတဲ့ပြဿနာ အခက်အခဲတွေကိုတော့ ရင်ဆိုင်သွားရမှာပေါ့။

ဖားအံမြို့ခံ လူငယ်တစ်ဦး
သူတို့အခုလို ဥပဒေက ငါတို့ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။ သူတို့ထုတ်လိုက်တာက နေ့ရော ညရော ပေါ်တာ ဆွဲတော့မှာလေ။ စျေးဝယ်ဆိုလည်း ဘယ်မှထွက်မရတော့ဘူး။ အရင်လိုဘယ်မှ လွတ်လပ်သွားလို့မရ တော့ဘူး။ သွားရေးလာရေးလည်းအကုန်ပိတ်ကုန်တာပေါ့။ စျေးထဲကနေ စျေးသွားဝယ်ဖို့ မြို့သစ်ကိုသွားဖို့တောင် သွားလို့မရတော့ဘူး။ အဓိက ကတော့ လမ်းပေါ်မှာ အလုပ်လုပ်နေတဲ့သူတွေပဲ သွားလာလှုပ်ရှားမှုရှိတော့တယ်။ ကျနော်တို့လို လူငယ်တွေသိပ်တောင်မရှိတော့ဘူး။ လမ်းပေါ်မှာကြည့်လိုက်ရင် လူကြီးပိုင်းကြီးပဲ။ ရှိတဲ့သူတွေ ကလည်း လက်လုပ်လက်စားကြီးပဲ။ အခုရွေးစရာက ၂ လမ်းပဲရှိတော့တယ်။ သူတို့ခေါ်တာလိုက်မလား၊ တောထဲဝင်ပြီးသူတို့ကို ပြန်ချမလာပေါ့။ ရွေးစရာမရှိတော့လုပ်သင့်တာလည်းလုပ်ရတော့မှာပဲလေ။

အခုက အရှေ့မှာရဲရှိမလားဆိုတာပဲ ကြောက်နေရတယ်။ အနာဂတ်ထက် မနက်ဖြန် ထမင်းဘယ်လိုစားရမလဲဆိုတာပဲ စဉ်းစားနေရတယ်။ အနာဂတ်ကတော့ မစဉ်းစားနိုင်တော့ဘူး။ လွတ်မြောက်နယ်မြေကိုရောက်သွားရင်တော့ ဒီစစ်အာဏာရှင်ကို မနိုင်မချင်းတိုက်ပွဲဝင်သွားမယ်။ အဓိက ကတော့ ကိုယ့်စိတ်ကို ကိုယ်နိုင်ဖို့ပဲ။ မြို့ပေါ်မှာရှိနေသေးတဲ့လူငယ်တွေကိုတော့ ဘာမှတိုက်တွန်း စကားမပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်က သူတို့ဘာ လုပ်ရမလဲ ဘယ်လိုဆုံးဖြတ်ချက်ချရမလဲဆိုတဲ့အချိန်ရောက်လာပြီးလေ။ စဉ်းစားပြီး ဆုံးဖြတ်ရမဲ့အချိန်ရောက် လာပြီးလေ။ အခုအချိန်မှာ တောထဲဝင်မယ်ဆိုလည်း အကုန်လုံးဝင်ချလိုက် သေသေချာချာ တိုင်ပင်နဲ့ လုပ်ရင် ရပါပြီး။

မော်လမြိုင် လူငယ်တစ်ဦး
အခုမော်လမြိုင်မှာတော့ သူတို့ထုတ်ပြန်တာနဲ့ပတ်သက်ပြီးသိပ်ပြီး ထူးထူးခြားခြား မတွေ့ရသေးဘူး။ ဒါပေမဲ့ တစ်ခြားနေရာတွေမှာတော့ ပါကုန်ပြီးလို့ ကြားတယ်။ အခုသူတို့လုပ်တာက ကျနော်တို့အတွက် ဘယ်လိုမှ အဆင် မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျနော်တို့ကို စစ်တပ်ထဲဝင်ခိုင်းတယ်ဆိုတာကလည်း ထိုင်းနိုင်ငံမှာဆို အသက်ပြည့်တဲ့အခါကျရင် စစ်တပ်ထဲဝင်ရတယ်။ အဲ့မှာက စစ်သင်တန်း ကျန်းမာရေး အကုန်အပြည့် သင်ပေးတယ်လေ။ ဒီဘက်မှာက မင်းအောင်လှိုင်က ဘာမှသင်ပေးတာမဟုတ်ဘူးလေ။ လူငယ်တွေကိုသူခေါ်ထည့်ပြီး ရှေ့တန်းပို့တာတွေ အဲ့လိုမျိုးသူတို့လုပ်မှာပဲလေ။ ပြောရမယ်ဆိုလို့ရှိရင် ပြည်သူကိုဓားစာခံလုပ်တာပဲလေ။ အခုဆိုရင် လူငယ်တွေဘယ်သူမှအပြင်မထွက်ရဲဘူး။ သူများစစ်မှုဆိုတာက သေချာဖောင်တွေ ဘာတွေနဲ့ အဲ့လိုမျိုးဆိုလည်းတစ်မျိုးပေါ့။

အခုကအဲ့လိုမဟုတ်ဘဲ ပေါ်တာကြီးကိုဆွဲတာ။ အပြင်ထွက် သူတို့ရုတ်ရုတ် သဲသဲ ဖြစ်တာနဲ့ ကားပေါ်ခေါ်တင်သွားလိုက်တာတို့ အဲ့လိုပုံစံပဲ။ နည်းလမ်းတော့ရှာနေတယ်။ အနာဂတ်က ပျောက် နေပြီးလေ။ ဒီလောက်လူငယ်တွေမှာ သူ့အနာဂတ်နဲ့သူရှိကြတာပဲ။ အဲ့လိုမျိုး ကျောင်းသားပဲဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် သူ့အရွယ်နဲ့ သူလုပ်နေကြတာပဲလေ။ အဲ့လိုအချိန်မှာ ပေါ်တာကြီးဆွဲလိုက်တယ်ဆိုတော့ ရှေ့ဆက် ဘာလုပ်ကြမှာလဲပေါ့။ သူတို့ဆီတော့လုံးဝမဝင်ဘူး။ တကယ်လို့ရောက်သွားပြီးဆိုရင် PDF တွေနဲ့ သူတို့ ပြန်တိုက်ခိုင်းမှာလေ ရှေ့တန်းပို့မှာပဲ။

သထုံလူငယ်တစ်ဦး
သူတို့ဥပဒေကို ကြောက်လို့တောထဲကိုဝင်မှာတော့ မဟုတ်ဘူး။ မဖြစ်မနေအခြေအနေ တစ်ခုရယ် မိသားစုကို ပြန်ကြည့်နေလို့ မသွားသေးတာပဲရှိတယ်။ ဘယ်လိုပြောရမလဲ ခွေးအောက်မနေချင်ဘူး။ အလကားနေရင်း မိဘနဲ့နေ မိဘပြုစုပျိုးထောင်ပြီးကြီးလာမှ သူတို့အတွက်အသက်မပေးဘူးလေနော်။ အရင်ကသူတို့ ဧည့်စာရင်း လိုက်စစ်တယ်။ စာရင်းတွေမိသားစုအိမ်ထောင်စုတွေပေးလိုက်ရတယ်။ ဒီကောင်တွေက အကြောင်းတစ်ခုခု မရှိဘဲနဲ့တော့ သူတို့ အလကားတစ်ခုမှမလုပ်ဘူး။ အခုပြည်သူတွေစစ်မှုထမ်းဥပေဒပေါ်လာတယ်။ ဘယ်လိုမှ တရားဝင်မှု မရှိဘူးလေ။ လူငယ်တွေမှာက အနာဂတ်တွေ အိပ်မက်တွေရှိကြတယ်။

နိုင်ငံခြားထွက်ပြီးပိုက်ဆံရှာမဲ့သူနဲ့ ရွာမှာပဲနေပြီးဆိုင်ဖွင့်မဲ့သူနဲ့ အမျိုးမျိုးပေါ့ရှိကြတာပဲ။ အခုသူတို့က လူငယ် အနာဂတ်ကို ရိုက်ချိုးလိုက်တာလည်း ဟုတ်သလို စိတ်ဓာတ်ပိုင်းကိုလည်း စုတ်ပြတ် သွားအောင်လုပ်လိုက် တာပဲ။ သူတို့ဥပဒေက တကယ်မဖြစ်လာဘူးလို့ ပြောလို့မရဘူး။ ထားပါတော့ ရပ်ကွက်ထဲ စစ်ကားနဲ့ အများကြီး ဝင်လာပြီး ရပ်ကွက်မှာရှိတဲ့လူငယ်ရှိတဲ့လူတွေအကုန်ကားပေါ် တက်ဆိုရင်ဘာလုပ်ကြမလဲ ငြင်းလို့မရဘူးလေ။ ငြင်းတာနဲ့ထောင်ကျမှာပဲ။ အခန့်မသင့်ရင် အဲ့နေရာမှာပဲ ပစ်သတ်သွားနိုင်တယ်။

PDF ဆိုတာ လိုင်းပေါ်မှာလည်းတွေ့ဖူးနေတာပဲ၊ ဖုန်းဘေတွေ လည်းပို့ဖူးတယ်။ မိသားစုအတွက်နဲ့ ထဲထဲဝင်ဝင် မပါသေးတာတစ်ခုပဲ။ အခုလိုဖြစ်လာတော့ ဆုံးဖြတ်ရတော့မယ်လေ။ စစ်တပ်အတွက် ကူမလား၊ တောထဲက လူတွေနဲ့ပေါင်းပြီး သူတို့ကိုပြန်သတ်မလားပေါ့။ တစ်ချို့ပိုက်ဆံရှိတဲ့ အိမ်က လူငယ်တွေကျတော့ ဘာမှမဖြစ်ဘူးလေ။ လာဖမ်းရင် ရော့ပိုက်ဆံသိန်းဘယ်လောက်ယူသွားဆိုရင် ဟိုကောင်တွေက ယူမှာပဲ။ ဘယ်သူတွေ အထိနာ မလဲဆိုရင် ရွာထဲကလက်လုပ်လက်စားတွေ ငါတို့လိုမိသားစုကို ပြန်ကြည့်နေရသူတွေပဲ ခံရမယ်။

လှိုင်းဘွဲမြို့ခံ လူငယ်တစ်ဦး
အခုက သူတို့လုပ်တဲ့ပုံစံက မိန်းကလေးရော၊ ယောက်ကျားလေးရော သူတို့ခေါ်မယ်။ သူတို့လုပ်တဲ့ပုံစံက ရွာထဲလူတွေဘုန်းကြီးဝတ်လည်းမရဘူး။ ဘုန်းကြီးဝတ်ထားလို့ ၃ ဝါပြည့်ထားပြီးဆိုရင် ၃ ဝါပြည့်ထား တဲ့ဘုန်းကြီးလက်မှတ်ပြရမယ်။ မရှိဘူးဆိုရင် လူဝတ်လဲပြီးစစ်မှုထမ်းခိုင်းတယ်။ ရွာထဲမှာလည်း သတင်းတွေက ကြားလာရပြီး။ စစ်တပ်လက်အောက်မှာတော့ ဘယ်တော့မှစစ်မှုမထမ်းဘူး။ ဒီဘက်သူငယ်ချင်းတွေစုပြီး ငါတို့ကတော့လွတ်မြောက်နယ်မြေ KNU တွေရှိတဲ့နေရာ ဘက်သွား မလို့ရှိတယ်။ အခုလက်ရှိပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့တိုင်ပင်ထားပြီးပြီ။ တစ်ခုခုဖြစ်တာနဲ့ လူငယ်ပိုင်းတွေအကုန်ရှောင်မယ်။ အဲ့လိုမျိုးတော့ ငါတို့ ဒီဘက်မှာ အစီအစဉ်ဆွဲထားတယ်။ အခု ကိုယ့်ဆန္ဒ ကိုယ့်ဆုံးဖြတ်ချက်ကတော့ မြို့ပေါ်မှာလူငယ်တွေကို တစ်ယောက်မှမနေစေချင်ဘူး။ ကိုယ်နဲ့နီးတဲ့နေရာတွေကို အကုန်လုံးသွားစေချင်တယ်။ ဒီစစ်တပ်မှာသွားပြီး စစ်မှုထမ်းတဲ့ အလုပ်ကိုတော့ အားမပေးဘူး။ ကိုယ်တွေဘက်မှာတော့ လှုပ်ရှားမှုတော့သိပ်မရှိသေးဘူး။ နည်းနည်း ငြိမ်နေတယ်။ လူကြီးတွေမလှုပ်သေးဘူး။ ငါတို့လည်းလူငယ် ပီပီ စစ်အာဏာစနစ် အောင်မှာမနေချင် တော့ဘူး။

မြိတ်မြို့ခံ၊ အမျိုးသမီးလူငယ်တစ်ဦး
ကျမတို့ကတော့ ကျောင်းတက်နေရင်းတန်းလန်းနဲ့ဆိုတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ သူတို့က ယောက်ျား လေးမကဘူး၊ မိန်းကလေးကိုပါဖမ်းမယ်ဆိုတော့ ကျမတို့အရွယ်ကပါနိုင်ပြီးလေ။ ကျောင်းသူတွေလည်း ဖြစ်တော့သူတို့အချိန်မရွေးခေါ်သွားနိုင်တယ်။ သူတို့ရဲ့လုပ်ငန်း တစ်ခုခုမှာခိုင်းလို့ရပြီးလေ။ သတင်းတွေ့တွေ့ ချင်းတော့ အမေတော့ ထိုင်းမဟုတ်ရင် တစ်ခြားနေရာတစ်ခုခုကိုရွှေ့ဖို့ သွားဖို့ပြောနေပြီး။ ဒါမဲ့ကိုယ်က ငယ်ငယ်ထဲကနေလာတော့ဆိုတော့ တောထဲဆိုတာ နယ်မြေအကြောင်းမသိဘူးလေ။ ကိုယ့်မောင်နှမတွေလည်း အကုန်ပြေးရမှာဆိုတော့ ငါလည်းလိုက်ရမှာပဲ။ သူတို့အိမ်ရှေ့ရောက်လာမှ ပြေးလို့တော့ မရဘူး။ အခုကတည်း ကနေ တစ်ခုခုတော့ကျမတို့စီစဉ်နေတယ်။ လမ်းကြောင်းတွေကလည်း အရင်ကလောက် မလွယ်တော့ဘူး။ သွားလာရခက်သွားပြီး။ အခုကျောင်းလည်း ဆက်တက်မရတော့ဘူး။ ကျောင်းဆင်းတဲ့အချိန် ကျောင်းဝမှာ သူတို့တစ်ခါတစ်လေ ဂိတ်လာချတယ်လေ။ အဲ့တာနဲ့တိုးရင် လိုက်ခဲ့လို့ပြောရင် ဘယ်သူမှ မကယ်နိုင်ဘူး။ စိတ်တွေလည်းညစ်ပါတယ်။ ဘာလုပ်ရမလဲ မသိတော့ဘူးလမ်းတွေပျောက်တယ်။