Home ရင်ဖွင့်သံများ ပဒိုမန်းရှာကျဆုံးခြင်း ၁၆ နှစ်ပြည့် အောက်မေ့ဖွယ် လူငယ်ခေါင်းဆောင်ဆုရသူ အမှတ်တရစကား

ပဒိုမန်းရှာကျဆုံးခြင်း ၁၆ နှစ်ပြည့် အောက်မေ့ဖွယ် လူငယ်ခေါင်းဆောင်ဆုရသူ အမှတ်တရစကား

205

ပဒိုမန်းရှာကျဆုံးခြင်း ၁၆ နှစ်ပြည့် အောက်မေ့ဖွယ် လူငယ်ခေါင်းဆောင်ဆုရသူ အမှတ်တရစကား

၂၀၂၄၊ ဖေဖော်ဝါရီလ (၁၄)ရက် ယနေ့သည် KNU-ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၁၆)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ပဒိုမန်းရှာလားဖန်းကျဆုံးခြင်း အောက်မေ့ဖွယ်အနေဖြင့် မန်းရှာလူငယ်ခေါင်းဆောင်ဆုရသူအချို့၏ အမှတ်တရ စကားများကို စုစည်းဖော်ပြလိုက်ပါသည်။

နော်ကညောဖော (ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင်၊ ၂၀၁၃ခုနှစ်)
ရန်သူရဲ့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ပဒိုမန်းရှာက လူငယ်တွေကို တော်တော်များများ အားပေးတဲ့သူပါ။ လူငယ်အမျိုးသမီးတွေဆိုလည်း အားပေးတတ်တဲ့ လေးစားရတဲ့ ခေါင်းဆောင်းကောင်းတစ်ယောက်ပါ။ ကျမတို့ လူငယ်တွေအနေနဲ့လည်း ကိုယ့်တိုင်းပြည်အတွက် ကိုယ်တာဝန်ပြန်ယူဖို့ဆိုရင် သူ့ကို ချစ်ရင် လေးစားရင် ပိုပြီးတော့ ကြိုးစားဖို့ လိုပါတယ်။ အခုအချိန်အခါကလည်း လူတိုင်း ပိုကြိုးစားရမယ်။ လူငယ်အမျိုး သမီးတွေ နိုင်ငံရေးနယ်ပယ်မှာ တော်တော်များများပါဝင်လာကြတယ်ဆိုပေမဲ့ မလုံ လောက်သေးပါဘူး။ အဲ့အတွက် လူငယ်အမျိုးသမီးတွေများများစားစားလည်း အပြောင်းအလဲ တည် ဆောက်တဲ့ နေရာဖြစ်စေ၊ တိုင်းပြည် ပြန်တည်ဆောက်တဲ့နေရာမှာဖြစ်စေ၊ စစ်အာဏာရှင်ကို တိုက်ဖျက်တဲ့နေရာမှာဖြစ်စေ ပါဝင်လာဖို့ မျှော်လင့်ပါတယ်။

စောဆာနေသော (ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင်၊ ၂၀၁၉ ခုနှစ်)
ပဒိုမန်းရှာက လူငယ်မျိုးဆက်သစ်တွေအတွက် အနာဂတ်မှာ တိုးတက်ဖို့ လမ်းပြ ပေးတဲ့ခေါင်းဆောင်ကောင်း တစ်ယောက်ပဲ။ တော်လှန်ရေးထဲမှာလည်း အနာဂတ်ကို ကြိုတင်လမ်းပြနိုင်တဲ့ဂုဏ်ရှိသလို လေးစားအတုယူ စရာကောင်းတဲ့ သူပါ။ အဲ့ဒါကြောင့် လူငယ်ခေါင်းဆောင်တွေမှာ အနာဂတ်မှာ ပဒိုမန်းရှာလို လူမျိုးကို မြင်တွေ့ ချင်ပါတယ်။ ပဒိုမန်းရှာရဲ့ စံနမူ ယူထိုက်တဲ့ နေထိုင်မှုပုံစံအတိုင်း ကျနော်တို့ ခေါင်းဆောင်ဟောင်းလည်းဖြစ်၊ အာဇာနည်လည်းဖြစ် သူ့လို ရိုးရိုးသားသားနဲ့ အကောင်းဆုံး ရှင်သန်သွားဖို့ လိုတယ်။ သူ့ရဲ့ ရပ်တည်ချက်က ကျနော်တို့အတွက် စံနမူနာဖြစ်ရုံသာ မကဘူး၊ မြန်မာပြည်နဲ့ အခြားတိုင်းရင်းသားတွေလွတ်မြောက်ဖို့အတွက်ပါ သူလုပ်ခဲ့တာပါ။ အဲ့အတွက် သူ့ကို ဂုဏ်ပြုကြောင်း ပြောချင်ပါတယ်။

စောမင်းခလိန်း (ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင်၊ ၂၀၂၀ ခုနှစ်)
၂၀၀၈ ၊ ဖေဖော်ဝါရီလ ၁၄ရက်ဟာ ကျနော်တို့ အဘိုးပဒိုမန်းရှာ ရန်သူရဲ့ သတ်ဖြတ်ခြင်းကို ခံရတာ ယနေ့ဆိုရင် ၁၆ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ကျနော်တို့အတွက် တန်ဘိုးရှိတဲ့ခေါင်းဆောင် ပဒိုမန်းရှာ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေဟာ ကျနော်တို့ တစ်မျိုးသားလုံးအတွက် အင်မတန်မှ တန်ဘိုးရှိလှပါတယ်။ ဒီနေ့ဆိုရင် သူကျဆုံးသွားတာ ၁၆ နှစ်တောင် ရှိနေပါပြီ။ ဒါပေမယ့် သူက တစ်မျိုးသားလုံးအတွက်၊ ပြည်သူတစ်ရပ်လုံးအတွက်၊ တိုင်းပြည်အတွက် သူအသက်သေဆုံးတဲ့အထိ သူလုပ်ဆောင်ခဲ့တယ်ပေါ့နော်။ အဲဒါကြောင့် ဒီနေ့မှာ သူ့ကို အရမ်းသတိရအောက်မေ့ပါတယ်။

နော်ဆာမူး (ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင်၊ ၂၀၁၄ ခုနှစ်)
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဟာ ကမ္ဘာ့ချစ်သူများနေ့လို့ တစ်ကမ္ဘာလုံးက သတ်မှတ်ကြတယ်။ ဒါပေမယ့် ကျမတို့အတွက်၊ ကျမတို့ ကရင်တစ်မျိုးသားလုံးအတွက်က ဝမ်းနည်းစရာနေ့တစ်နေ့ဖြစ်လာတယ်။ ပဒိုမန်းရှာလို ခေါင်းဆောင်မျိုးက ရှားတယ်။ သူ့ရပ်တည်ချက်က ခိုင်မာတယ်။ လုပ်ဖော်ကိုင် ဖက်တွေအားလုံးကို သူအားပေးတယ်။ မျက်နှာမလိုက်ဘူး။ အဲဒါကြောင့် ရန်သူက သူ့ကို လုပ်ကြံ သတ်ဖြတ်မှုလုပ်ဆောင်ခဲ့တယ်ပေါ့နော်။ ကျမပြောချင်တာက သူ့ကို အရမ်းသတိရတယ်။ သူ့သား သမီးအရင်းခြာတွေလည်း ကျမတို့ထက်ပိုပြီး သတိရမှာပေါ့နော်။ သူ့သားသမီးတွေ တည်ထောင်လိုက်တဲ့ Young Leader Award က သူ့ဆီက ကောင်းတဲ့အရာကျန်ခဲ့ပြီး လူငယ်ခေါင်းဆောင်တွေ လူမျိုးအတွက် အလုပ်လုပ်ဖို့ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဆုကို ရတဲ့သူက အမျိုးသားရေးအလုပ်ကို လုပ်ရမယ်ဆိုတာ သိရမယ်။ တီးမန်းရှာလို စံပြပုဂ္ဂိုလ်ဖြစ်ရမယ်ပေါ့နော်။

နော်ဆဲဆဲ (ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင်၊ ၂၀၁၇ခုနှစ်)
ဒီနေ့ အဖူးပဒိုမန်းရှာ အောက်မေ့ဖွယ်နေ့မှာ ပြောချင်တာကတော့ ကျမတို့ လူငယ်မောင်မယ် တွေအပါအဝင် ကရင်တစ်မျိုးသားလုံးအနေနဲ့ အဖူးပဒိုမန်းရှာကို ရက်ရက်စက်စက် သတ်ဖြတ်ခံရတာ၊ အဖူးပဒိုမန်းရှာက ကရင်အမျိုးသားတော်လှန်ရေးအတွက် ပေးဆပ်ခဲ့တာတွေ သတိရအောက်မေ့ဖို့လိုတယ်။ အထူးသဖြင့် အခုလို တော်လှန်ရေး အကြပ်အတည်းကာလအပေါ်မှာ အာဇာနည်ခေါင်းဆောင်တွေ၊ အထူးသဖြင့် အဖူးပဒိုမန်းရှာကျဆုံးမှုကို သတိရအောက်မေ့စေပြီး ကရင့်တော်လှန်ရေးအောင်မြင်ဖို့အတွက် ကြိုးစားလုပ်ဆောင်သွားကြမယ်။ အဖူးပဒို မန်းရှာလူငယ်ခေါင်းဆောင်ဆုရ လူငယ်တွေထဲက ကျမတစ်ဦးအပါအဝင်အနေနဲ့ ကျမကိုယ်ကျမ ဂုဏ်ယူတယ်။ သူ့အသက် ပေးဆပ်ထားမှုက ဒီတော်လှန်ရေးကို အောင်မြင်တဲ့အထိ လုပ်ဆောင်ရမယ်ဆိုတာ ဒီနေ့ကို ကျရောက်တိုင်း ကျမအတွက် အမြဲတမ်းအမှတ်ရစေပါတယ်။

စခန့်သူလှိုင် (ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင် ၊ ၂၀၁၆ ခုနှစ်)
ကေအဲန်ယူ အတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း လုပ်ကြံသတ်ဖြတ်ခံရတာ ဒီနှစ် ၂၀၂၄ ဖေဖော်ဝါရီလ ၁၄ ရက်ဆိုရင် ၁၆ နှစ်ပြည့်ခဲ့ပြီ။ အဖိုးမရှိတော့ပေမဲ့ သူ့ရဲ့အမြင် မှာကြားချက်တွေ၊ တွေးခေါ် မြော်မြင်မှု တွေက ဒီကနေ့ အချိန်ထိ လူတိုင်းအတွက် ခိုင်မာနေဆဲဖြစ်တယ်။ အခု အာဏာရှင်ကို ဆန့်ကျင်တော် လှန်မှုမှာလည်း အဖိုးတို့ကိုယ်တိုင် လမ်းဖောက်ခဲ့တာပဲ။ အဖိုးက လူတိုင်းအတွက် ထာဝရ ခေါင်းဆောင် ကောင်းတစ်ယောက်ပါ။ အဖိုးပြောခဲ့ဖူးတဲ့စကားတွေထဲမှာ ကျနော်အကြိုက်ဆုံး စကားတွေပြောပါဆိုရင် ကျနော်ဟာ ပညာကို ဆုပ်ကိုင်ပြီးတော့ လူထုခေါင်းဆောင်တွေအကြား ဝင်ဆံ့နိုင်ဖို့ ကျနော် ကြိုးစားမယ်။ ကျနော်ဟာ လူထုထဲကပဲ ဖောက်ဖွားလာတဲ့နည်းတူ မရှိဆင်းရဲသားတွေကို ချစ်မြတ်နိုးပြီး လူထုတိုးတက်ကောင်းမွန်ဖို့အတွက်ပဲ တက်လာခဲ့မယ်လို့ ပြောခဲ့တာကို တကယ်သဘောကျမိပါတယ်။ အဖိုးတို့ ကိုယ်တိုင် ခင်းပေးခဲ့တဲ့ ကောင်းမွန် မှန်ကန်တဲ့ လမ်းတွေကို စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်နဲ့ လေးစားလိုက်နာပြီးတော့ စိတ်အားထက်သန်စွာနဲ့ အဖိုးတို့ တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်ခဲ့ သလိုပဲ လုပ်ဆောင်သွားကြရမှာပါ။ အဖိုးလို ယုံကြည်ချက် ခိုင်မာတဲ့ ကျန်ရှိတဲ့ ခေါင်းဆောင် ကောင်းအားလုံးကိုလည်း လေးစားဦးညွတ်လျက်ပါ။