Home သတင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ ဒုတိယအကြိမ် အလုပ်အမှုဆောင်ကော်မတီ ပြန်လည်ရွေးကောက်ပြီးစီး

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ ဒုတိယအကြိမ် အလုပ်အမှုဆောင်ကော်မတီ ပြန်လည်ရွေးကောက်ပြီးစီး

1088
Photos: Salween Peace Park

ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ(၅) နယ်မြေရှိ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် (Salween Peace Park)ကို လာမည့် (၃)နှစ်အတွင်း အုပ်ချုပ်စီမံခန့်ခွဲမည့် ဒုတိယအကြိမ်မြောက်အလုပ် အမှုဆောင်ကော်မတီအသစ် ပြန်လည်ရွေးကောက်တင်မြှောက်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအသစ်ကို ဒီဇင်ဘာလ (၁၈) ရက်မှ (၂၁)ရက်နေ့ တွင် ကျင်းပပြုလုပ်သည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ ငါးကြိမ်မြောက် ကွန်ဂရက်တွင် ရွေးကောက်တင် မြှောက်ခဲ့ခြင်းဖြစ်ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် စောပေါလ်စိန်ထွား၊ ဒုဥက္ကဋ္ဌ စောကလိုထူး၊ အတွင်းရေးမှူး နော်ဘူး မူဖောနှင့် တွဲဖက်အတွင်ရေးမှူးအဖြစ် လက်ရှိခရိုင်သစ်တောရေးရာ ဥက္ကဋ္ဌဖြစ်သူ စောယွာပွယ်မှူးတို့အား တက်ရောက်လာသည့်ကိုယ်စားလှယ်များက လျှို့ဝှက်မဲစံနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ဥယျာဉ်ကော်မတီဥက္ကဋ္ဌဖြစ်သူ စောပေါလ်စိန်ထွားက“ ၃နှစ်တစ်ကြိမ် ကျနော်တို့ အလုပ်အမှုဆောင်ကော်မတီ သစ် ပြန်လည်ရွေးကောက်ဖို့ဆုံးဖြတ်ထားခဲ့တယ်ပေါ့နော်။ ဒါပေမယ့် နယ်မြေပဋိပက္ခတွေကြောင့် သက်တမ်း တစ်ခု နောက်ကျသွားတယ်။ အခုနှစ်မှ ပြန်ရွေးချယ်ဖြစ်တယ်။ အခု ဦးဆောင်ကော်မတီ အသစ်မှာလည်း အရင် သက်တမ်းက ခေါင်းဆောင်တွေ တော်တော်များများ ပြန်ပါလာတယ်။ ကျနော်တို့ လုပ်ဆောင်ရမယ့်အရာတွေက မူဝါဒမှာရှိထားတဲ့အတိုင်း ကောင်းမွန်အောင်ဆက်လက် ထိန်းသိမ်းပြီးအကောင်အထည် ဖော်ရမှာဖြစ်တာပေါ့နော်”ဟု ကေအိုင်စီသို့ ပြောသည်။

လာမည့် ၃ နှစ်ထဲတွင် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ ရည်ရွယ်ချက်များဖြစ်သည့် ဌာနေတိုင်းရင်းသား ရိုးရာယဉ် ကျေးမှုဓလေ့ထုံးတမ်းနှင့် အခွင့်အရေးများကို ဖော်ထုတ်မြှင့်တင်ပေးခြင်း၊ တောရိုင်းတိရိစ္ဆာန်များကို ရှာဖွေဖော် ထုတ်ထိန်းသိမ်းခြင်း၊ ဒေသအတွင်းရှိ အမျိုးသမီးနှင့် လူငယ်များ ဦးဆောင်နိုင်မှုကိုလည်း လုပ်ဆောင်သွား ခြင်းစသည့် အချက်များလုပ်ဆောင်သွားမည်ဟုလည်း စောပေါလ်စိန်ထွားက ဖြည့်စွက်ပြောသည်။

ဒေသခံ ဌာနေတိုင်းရင်း သားများကသာ ဦးဆောင်စီမံခန့်ခွဲပြီး ဇီဝမျိုးကွဲစုံလင်စွာ ကျက်စားနေထိုင်သည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို ပြည်သူ ၇၅.၁ ရာခိုင်နှုန်းက လက်မှတ်ထိုးထောက်ခံကာ ဥယျာဉ်အခြေခံ ဥပဒေအကြောင်းအရာများ၊ ဥယျာဉ်အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှု၊ သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲရေးနှင့် မြေယာအသုံးချမှု၊ မြေနှင့် ယဉ်ကျေးမှုအမွေအနှစ်စသည့် အခန်းကြီး(၅)ခန်းပါဝင်သည့် ၄၇ မျက်နှာပါ ဥယျာဉ်အခြေခံဥပဒေကိုလည်း ၂၀၁၈ ခုနှစ်ကတည်းက အတည်ပြုပြဌာန်းခဲ့သည်။

Photos: Salween Peace Park

ထိုဥယျာဉ် ဧရိယာထဲတွင် စစ်အာဏာမသိမ်းခင်က ဌာနေပြည်သူများ၏ သဘာဝသစ်တောနှင့်မြေယာများ ဓလေ့ထုံးတမ်းအရ စီမံခန့်ထိန်းသိမ်းမှုနှင့် ဌာနေပြည်သူများ၏ ရိုးရာယဉ်ကျေးမှုဓလေ့အပေါ် အခြားဒေသရှိ လူငယ်အဖွဲ့အစည်းများမှ သွားရောက်လေ့လာမှုများရှိခဲ့သလိုနိုင်ငံတကာနှင့် အဖွဲ့အစည်းများမှ အသိအမှတ်ပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများရှိခဲ့သည်။

ထို့ကြောင့် ၂၀၂၀ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဇီဝမျိုးကွဲများ ရေရှည်တည်တံ့ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် -UNDPမှ ပေးအပ်သည့် အီကွေတာဆုကိုရရှိကာ ထိုဆုကို မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံးအကြိမ်ရရှိသည့်ဆုဖြစ်ကြောင်းလည်း သိရသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို ၂၀၁၂ ခုနှစ်က စတင်အစပျိုးကာ ၂၀၁၈ ခုနှစ်တွင် ဥပဒေပြဌာန်း အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဥယျာဉ်၏ ဧရိယာအကျယ်အဝန်းမှာ (၁,၃၅၅,၅၈ဝ) ဧကရှိသည်ဟု ဥယျာဉ်ကော်မတီ၏ ထုတ်ပြန်ထားချက်အရ သိရှိရသည်။