ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) မှ အမျိုးသမီးကော်မတီဝင်များ ဦးဆောင်ပါဝင်သော “ငါတို့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ” ခေါင်းစဥ်ဖြင့် လူထုသပိတ်လှုပ်ရှားမှုတစ်ခုအား ယမန်နေ့ ဇန်နဝါရီလ(၁၄)ရက်နေ့က ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှ ယခုဇန်နဝါရီလ(၁၃)ရက်နေ့အထိ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)ကျော်သို့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်၍ ရွာရှိနေအိမ် အလုံး(၁၄၀)ခန့်အား မီးရှို့ဖျက်ဆီးခဲ့သည့်လုပ်ရပ်နှင့်ပတ်သက်၍ အဆိုပါသပိတ်လှုပ်ရှားမှုအား ပြုလုပ်ရခြင်းဖြစ်ကြောင်း ထိုကော်မတီထံမှ သိရသည်။
“သူတို့က လူထုကိုအကြောက်တရားနဲ့အုပ်ချုပ်တာပေါ့ ၊ ကြောက်သွားရင်မတော်လှန်ရဲတော့ဘူး ဆိုတဲ့သဘော။ ဒါပေမဲ့ လူ့ရဲ့စိတ်က အဲ့ဒါနဲ့ဆန့်ကျင်ဘက်ပဲ ဆုံးရှုံးစရာမရှိတော့ဘူးဆိုရင် ပိုပြီးတောင် တော်လှန်ဖို့ယုံကြည်ချက် ခိုင်မာလာသေးတယ်လို့မြင်တယ်။ လူထုရဲ့ပျက်စီးဆုံးရှုံးမှုက တော်လှန်ရေး အင်အားစုတွေရဲ့ပျက်စီးဆုံးရှုံးမှုပဲ။ နေအိမ်တွေမီးရှို့ဖျက်ဆီးလိုက်ရုံနဲ့ လူတွေရဲ့ ယုံကြည်မှုကိုဖျက်ဆီးလိုက်နိုင်တာ မဟုတ်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလှုပ်ရှားမှုကို လုပ်ခဲ့ကြတာပါ” သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းသည် ဇန်နဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းက ကျေးရွာများသို့ စစ်ကြောင်းထိုးရာမှ ပြန်လည်ထွက်ခွာသွားသော်လည်း နှစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးနေစဥ် နေအိမ်များမီးရှို့ဖျက်ဆီးခြင်းအပြင် ကျေးရွာနေအမျိုးသား၊ အမျိုးသမီးအချို့အား လူသားဒိုင်းလုပ် ဖမ်းဆီးခေါ်ဆောင်မှုများရှိခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

DDMSC အနေဖြင့် မီးလောင်ပျက်စီးမှုကြောင့် ဆုံးရှုံးနစ်နာသွားသော မိသားစုဝင်များနှင့် နေအိမ်စွန့် ခွာတိမ်းရှောင်နေရသော ဒေသခံပြည်သူများအတွက် အခြေခံစားနပ်ရိက္ခာများအား လှူဒါန်း ပေးခဲ့ကြောင်း ကော်မတီက ထုတ်ပြန်ထားသော ဓါတ်ပုံမှတ်တမ်းများအရ သိရသည်။
DDMSC ကို နှင်းဆီရောင် အမျိူးသမီးများသမဂ္ဂနှင့် အခြေခံပညာကျောင်းသားများ သပိတ် ကော်မတီအပါအဝင် အခြားအစုအဖွဲ့(၁၁)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အမျိုးသမီးအများအပြားပါဝင်လျက်ရှိရာ အများအားဖြင့် လူထုလှုပ်ရှားမှုများအား DDMSC အနေနှင့် နေ့စဥ်တက်ကြွလှုပ်ရှားလျက်ရှိသည်။



















