ဇန်နဝါရီလ ၁၈ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ရက်နေ့က စစ်တပ်ထောက်ခံသည့် အမျိုး ဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) ဘုန်းကြီးများ ဦးဆောင်ဆန္ဒပြမှုတွင် ပါဝင်သူများအား တစ်ဦးလျှင် ကျပ်ငွေ ၅၀၀၀ ရရှိကြသည်ဟု ဖားအံမြို့ခံများက ပြောသည်။
အဆိုပါ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဘုန်းကြီးများ ဦးဆောင်ပြီး အမျိုးဘာသာ သာသနာညိုးနွမ်းသည့် လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ အများစုမှာ ငွေ ၅၀၀၀ ကျပ်ပေး၍ ခေါ်ယူပါဝင်စေခြင်းဖြစ်ကြောင်း နီးစပ်သူ ဒေသခံများက ပြောသည်။
အမည်မဖော်လိုသူ မဘသ ဘုန်းကြီးနှင့် နီးစပ်သည့် ဖားအံမြို့ခံတစ်ဦးက “အမျိုးဘာသာ သာသနာညိုးနွမ်းအောင် လုပ်ဆောင်မှုတွေကို ကန့်ကွက်ရှုတ်ချဖို့ မဘသဘုန်းကြီးတွေ ဦးဆောင်ပြီး အစည်းအဝေးခေါ်ဆန္ဒပြကြတယ်။ ဆန္ဒပြမှုလုပ်အားခက တစ်ယောက် ၅၀၀၀ ကျပ်ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုဆန္ဒပြမှုတွင် ဖားအံမြို့ ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေရသည့် နေစရာ၊ သွားစရာ မရှိသူများနှင့် ဘုန်းကြီးဝေယျာဝစ္စလုပ်ပေးသူ ကော့ကရိတ်မြို့မှ စစ်ရှောင်ပြည်သူများလည်း ပါဝင်နေ ကြောင်း သိရသည်။
” နေစရာ၊ သွားစရာမရှိတဲ့သူတွေ၊ ဘုန်းကြီး ဝေယျာဝစ္စ လုပ်တဲ့သူတွေက ဘုန်းကြီးနဲ့အတူ ပါလာတယ်။ သူများဘုန်းကြီးကျောင်းမှာလာတည်းတော့ အင်အားဖြည့်ဆန္ဒပြလူခေါ်တော့ သွားဆိုသွားရတာပေါ့။ တစ်ယောက်ကိုတော့ ၅၀၀၀ ကျပ်ရတယ်” ဟု ပြောသည်။

ရဟန်းသံဃာနှင့် သီလရှင်များအပါအဝင် လူပေါင်း ၃၀၀ ဦးကျော်ပါဝင်သည့် အဆိုပါ ဆန္ဒပြပွဲကို ညနေ ၃ နာရီအချိန်တွင် မဲဘောင်ဘုန်းကြီးကျောင်းမှစတင်ကာ နာရီစင်၊ အထက(၁)ကျောင်းဘက်သို့ ခဏတာ တစ်ပတ်ပတ်ပြီး စေတီပုထိုးနှင့် ဗုဒ္ဓပြည်သူများအား ဖျက်ဆီးနေတတ်သည့် အကြမ်းဖက်များနှင့် သာသနာဖျက်များဆန့်ကျင်ကြ၊ သာသနာဖျက် အကြမ်းဖက်သမားများအား အလိုမရှိ စသည့် ကြွေးကြော်သံများနှင့်အတူ ချီတက်ဆန္ဒပြခဲ့ကြောင်း မျက်မြင်မြို့နေပြည်သူများက ပြောသည်။
စစ်တပ်ထောက်ခံသည့် မဘသ ဘုန်းကြီးများဦးဆောင်ပြုလုပ်သည့် ထိုဆန္ဒပြပွဲသည် ကိုးကန့်ဒေသမှ စေတီတစ်ဆူ ဖျက်ဆီးခံရသည့် ရုပ်သံထွက်ပေါ်လာမှုနှင့်ပတ်သက်၍ သာသနာညိုးနွမ်းသည့် လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချက်သည့်အနေဖြင့် ယခုအစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဖားအံမြို့နယ်ရှိ မဘသ ဘုန်းကြီးများနှင့် ဒကာ၊ ဒကာမများ မဲဘောင်ဘုန်းကြီးကျောင်း၌ အစည်းအဝေးလုပ်ပြီးနောက် ဖားအံမြို့အတွင်း အဆိုပါ ဆန္ဒထုတ်ဖော်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။
ရှမ်းမြောက်ဒေသ စခန်းသိမ်းတိုက်ပွဲများအရှိန်ရနေစဥ် ပြီးခဲ့သည့် ဇန်နဝါရီလဒုတိယပတ်အတွင်းက ကိုးကန့်တပ်မတော်-MNDAA တပ်ဖွဲ့ဝင်တစ်ဦးမှ စေတီတစ်ဆူအား တူဖြင့်ထုရိုက်နေသည့် ရုပ်သံတစ်ခု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က တိုင်းနှင့် ပြည်နယ်အနှံ့အပြားတွင် ထိုကဲ့သို့သောကန့်ကွက်ရှုတ်ချပွဲများ လက်ရှိအချိန်ထိ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။



















