Home သတင်း တိုက်ပွဲဖြစ်ပွားလာမည် စိုးရိမ်၍ ကျိုက်ဒုံမြို့နှင့် အနီးအနားကျေးရွာရှိ ဒေသခံအများပြား တိမ်းရှောင်နေ

တိုက်ပွဲဖြစ်ပွားလာမည် စိုးရိမ်၍ ကျိုက်ဒုံမြို့နှင့် အနီးအနားကျေးရွာရှိ ဒေသခံအများပြား တိမ်းရှောင်နေ

924

ဇန်နဝါရီ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း ကျိုက်ဒုံမြို့နှင့် အနီးအနားကျေးရွာရှိ ဒေသခံအရပ် သားပြည် သူများသည် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေသည့်အတွက် ယခုရက်ပိုင်းအတွင်း အခြားအရပ်ဒေသသို့ တိမ်းရှောင်နေထိုင်နေကြသည်ဟု သိရသည်။

ကျိုက်ဒုံမြို့နေ အရပ်သားပြည်သူ ထက်ဝက်ကျော်သည် အသက်ဘေးလွတ်ရာ အခြားအရပ်ဒေသသို့ ပြောင်းရွှေ့နေထိုင်ကြသလို မြို့ထဲရှိ စျေးဆိုင်အများအပြားလည်း ပိတ်ထားပြီး ပစ္စည်းများကို အခြား နေရာသို့ ရွှေ့ထားနေကြသည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။

ကျိုက်ဒုံမြို့ခံတစ်ဦး “ မနေ့က တော်တော်များများရှောင်နေကြတယ်။ ကားတစ်စီးပြီး တစ်စီးထွက်ကြတယ်။ အခု ဆိုင်ကြီးတွေဆိုရင် သူတို့ပစ္စည်းတွေ သယ်နေကြတာရှိတယ်။ ဒီနေ့လည်း မိသားစုဝင် ဟိုတစ်စုဒီတစ်စု ထွက်သွားနေကြတာ ရှိသေးတယ်။ လောလောဆယ်မြို့ထဲမှာတော့ တိုက်ပွဲဖြစ်တာတွေတော့မရှိဘူး ” ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

ထို့အပြင် ကျိုက်ဒုံမြို့အနီးရှိ မိတန်၊ မိနန်းအပ် နှင့်ပူးရေးစသည့် ကျေးရွာမှ ဒေသခံ ပြည်သူအများအပြားလည်း ထိုင်းနယ်စပ်ဘက်နှင့် အခြားမြို့ရွာများသို့ သွားရောက်တိမ်းရှောင်နေထိုင်ကြသည်ဟု ဒေသခံများက ပြောသည်။

ဆက်လက်၍ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည့်အတွက် အဆိုပါ ဒေသရှိ စာသင်ကျောင်း အများအပြားလည်း ပိတ်ထားလိုက်ရသလို တချို့စာသင်ကျောင်းမှာ နှစ်ကုန်စာမေးပွဲကို အချိန်စောပြီး ဖြေဆိုပေးလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီ ဗျူဟာတပ်စခန်းကုန်းပေါ်တွင် ယခင်ရက်ပိုင်းက လက်နက်ကြီး ပစ်ခတ်သံ ညစဉ်ကြားနေရသော်လည်း ယခုရက်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်သံ ၃ ရက်ဆက်တိုက် မကြား ရတော့ကြောင်း မြို့ခံများက ပြောသည်။

ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီဗျူဟာကုန်းတွင် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၃ စစ်ဗျူဟာနှင့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်များ အခြေချနေထိုင်ကြသည်ဟု တော်လှန်ရေး အင်အားစုများဘက်က ပြောသည်။

အဆိုပါ စစ်ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ သွားရောက်တိုက်ခိုက်သည့်အချိန်တိုင်းတွင် စစ်ကောင်စီဘက်မှ ကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု အမြဲတမ်းလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။