Home သတင်း စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား နတ်သံကွင်းမြို့အတွင်း ဝင်ရောက်နေရာယူ

စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား နတ်သံကွင်းမြို့အတွင်း ဝင်ရောက်နေရာယူ

766
Photo: CJ

ဇန်နဝါရီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့သို့ ပြီးခဲ့သည့် ဇန်နဝါရီလ(၇)ရက်နေ့က အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့အတွင်းဝင်ရောက် စစ်ကူပေးလာကြောင်း မြေပြင်သတင်း အရင်း အမြစ်များမှ သိရသည်။

ဒီဇင်ဘာလ (၂၆)ရက်နေ့က နတ်သံကွင်းမြို့အတွင်းအပြင်ရှိ စစ်ကောင်စီ၏ တပ်စခန်းများအား ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ရဲ စခန်းမှအပ နတ်သံကွင်းတစ်မြို့လုံးကို ထိန်းချုပ်နေရာယူထားနိုင်ခြင်းဖြစ်သည်။

ရဲစခန်းဝင်းအတွင်း ခံတပ်အခိုင်အမာတည်ဆောက်၍ ပြန်လည်ခုခံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိနေသောကြောင့် ဆက်လက်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေစဥ် စစ်ကောင်စီဘက်မှ လေကြောင်းနှင့် လက်နက်ကြီးသုံး ပစ်ခတ်မှုများ လက်ရှိအချိန်ထိ ဆက်တိုက်လုပ်ဆောင်နေပြီး ဇန်နဝါရီလ(၇)ရက်နေ့ ညနေ ပိုင်းတွင် နတ်သံကွင်း-ပဲနွယ်ကုန်း ဘေလီတံတားမှ စစ်ကူဝင်ရောက်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “မြို့ထဲကို အင်အားအလုံးအရင်းနဲ့ တပ်ဘက်က စစ်ကူတွေပြန်ရောက်လာတယ်။ ရဲစခန်းအထိကို လာတာ၊ ရဲစခန်းက ခံတပ်ကိုလည်းဆောက်ထားတာ အခိုင်အမာပဲ။ လေယာဥ်နဲ့ချ နေတာတော့ နတ်သံကွင်းတစ်မြို့လုံးကုန်နေပြီ။ လက်နက်ကြီးကတော့ ပိန်းဇလုပ်ဘက်က ဟောင်ဝှစ် ဇာနဲ့လှမ်းပစ်တာ ဒီနေ့တင် (၅)လုံးလောက်ရှိတယ်။ တစ်လုံးကျတာနဲ့ အိမ်ပြိုရင်ပြို မပြိုရင် မီးလောင် တာပဲ မပစ်တာဆိုလို့ သူတို့လူတွေ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ဝင်လာတဲ့ ညနေကပဲရှိတယ်” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။

မြို့အတွင်း KNLA ပူးပေါင်းတပ်၏ တပ်ဖွဲ့ဝင်များ ရှိနေသေးသလို စစ်ကောင်စီတပ်များ နေရာယူ ထားသော နတ်သံကွင်းမြို့ရဲစခန်းအား ဆက်လက်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ဒေသခံ၏ ပြောပြချက်အရ သိရှိရသော်လည်း တော်လှန်ရေးအင်အားစုများဘက်မှ နတ်သံကွင်းမြို့ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်စုံတစ်ရာ မတွေ့ရှိရသေးပေ။

ထို့အတူ စစ်ကောင်စီက တိုက်ပွဲရက်များအတွင်း နတ်သံကွင်းရှိ ၎င်းတို့၏ တပ်ဖွဲ့ဝင်များအတွက် ရိက္ခာနှင့်ခဲယမ်းအကူအညီများအား လေကြောင်းဖြင့် လာရောက်ချထားပေးခဲ့ကြောင်းလည်း ဒေသခံ များ၏ ပြောပြချက်နှင့် ကေအဲန်ယူ-ဗဟို၏ ဇန်နဝါရီလ(၆)ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီက နတ်သံကွင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် မြေပြင်၊ ဝေဟင်အနေအထားဖြင့် ကြိုးပမ်း ရာတွင် ဒီဇင်ဘာလ(၂၆)ရက်နေ့မှ လက်ရှိအချိန်ထိ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှု အလုံးရေ ပေါင်း(၅၀)ထက်မနည်းနှင့် လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ(၂၀)ကျော် လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။