Home သတင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သဖြင့် ဒေသတွင်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သဖြင့် ဒေသတွင်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်

876
Photo: CJ

ဇန်နဝါရီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့်အတွက် မြန်မာပြည်ထုတ်ကုန်၊ စားသောက်စရာများ ဈေးနှုန်းအဆမတန်မြင့် တက်လာကြောင်း မြဝတီ ဒေသခံများက ပြောသည်။

“စစ်တပ် အာဏာမသိမ်းခင်က ဆန်က ငါးသောင်း၊ ခုနစ်သောင်းပေါ့။ အခုနှစ်သိန်း နီးပါးဖြစ်လာပြီ။ မြဝတီမှာ ပေါ့နော်။ ဆီတစ်ဗူး ၁၅၀၀ က အခု ၄၅၀၀၊ ၅၀၀၀ ကျော် ဈေးတက်လာပြီ။ အဲ့တော့ ၃ ဆ နီးပါးအထိ ဈေးတက်လာတာပေါ့၊ မီးသွေးတစ်အိတ် ၄၀၀၀ ၊ ၅၀၀၀ကနေ အခု ၁၄,၀၀၀ အထိ ဈေးပေး ဝယ်ရတယ်။ ကြက်ဥ တစ်ကဒ်ကို အရင်က နှစ်ထောင်ကျော်၊ အခု တစ်ကဒ် ရှစ်ထောင်ပေးဝယ် ရတယ်။” ဟု မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် မဲဆောက်-မြဝတီနယ်စပ်မှ တင်သွင်းလာသည့် စားသုံးကုန်များကို သယ်ယူပို့ဆောင်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် လက်နက်ကိုင်အဖွဲ့ပေါင်းစုံက ဂိတ်ကြေးဖြတ်သန်း အဆမတန် ကောက်ခံခြင်းတို့ကြောင့် ပစ္စည်းကုန်စျေးနှုန်းမှာ ပိုမိုစျေးတက်လာခြင်းဖြစ်သည်ဟုလည်း ၎င်းမြို့ခံက ဆက်ပြောသည်။

လက်ရှိတွင် အာရှလမ်းမပိတ်ထားသည့်အတွက် ထို့ကော်ကိုး၊ နဘူးလမ်းပိုင်း တောင်ပတ်လမ်း မှ ခရီး သွားနှင့် ကုန်စည်တင်ယာဉ်ငယ်များသာသွားလာ၍ရသည့် အခြေအနေဖြင့် စားသောက်ကုန်များ သယ်ယူပို့ ဆောင်ရောင်းချနေကြရကြောင်း သိရှိရသည်။

Photo: CJ

“အာရှလမ်းက သွားမရတော့ဘူး။ ထို့ကော်ကိုးလမ်းကို သုံးပြီး မော်လမြိုင်၊ ဖားအံ၊ ရန်ကုန် သွားနေရ တယ်။ ရန်ကုန်၊ မြဝတီကားခက အခု ရှစ်သောင်း၊ တစ်သိန်းဖြစ်ပြီ၊ ပစ္စည်းတန်ဆာခက ဆာလာအိတ် တစ်အိတ်စာဆို ပို့ခ ငါးသောင်း ရှိတယ်။ လမ်းမှာ စစ်တဲ့အဖွဲ့စားချင်တာ၊ လိုချင်တာ ပါလာလို့ သူတို့ ယူချထားရင်လည်း ကိုယ်က ပြောမရဲဘူး။ အဲ့ပစ္စည်း ဖိုးဂိတ်ကလျော်ရတယ်။ အခုတော့ ပစ္စည်း ပါဆယ်ဆို လူပါလိုက်မှ တစ်ပါတည်း တင်တော့တယ်။ ပစ္စည်းပဲဆို လက်မခံမသယ်ရဲတော့ဘူး ” ဟု မြဝတီ၊ ရန်ကုန် ကားလေးယာဉ်လိုင်းတာဝန်ခံတစ်ဦးက ပြောသည်။

လတ်တလော ထို့ကော်ကိုးလမ်းပိုင်းတွင် ယာဉ်တန်းအဆင်း စုံတစ်ရက်၊ အတက်မတစ်ရက် ပုံစံဖြင့် တစ် လမ်းသွား စနစ်သတ်မှတ်ကာ ဒေသအခြေစိုက် ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ လက်နက်ကိုင်တပ်ဖွဲ့မှ ဒေသတွင်း အခြားကရင်လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းကာ လမ်းဖြတ်သန်း ကောက်ခံ၍ သွားလာခွင့်ပြုထားကြောင်း သိရသည်။