Home သတင်း တောင်ထန်း အရောင်းအဝယ်မရှိတော့သဖြင့် ခြံပိုင်ရှင်များ အခက်ကြုံ

တောင်ထန်း အရောင်းအဝယ်မရှိတော့သဖြင့် ခြံပိုင်ရှင်များ အခက်ကြုံ

1233
Photo: CJ

ဇန်နဝါရီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် တောင်ထန်းကုန်သည်များက ၎င်းတို့ စုပုံရောင်းချသော တောင်ထန်းများ မီးရှို့ခံရမည့်အရေး စိုးရိမ်မှုကြောင့် ခြံပိုင်ရှင်များထံမှ တောင်ထန်းများ ဝယ်ယူရောင်းချခြင်းမရှိတော့သဖြင့် ခြံပိုင်ရှင်များ အခက်ကြုံနေရကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းနံဘေးတွင်တည်ရှိသော အလူးလေးကျေးရွာတွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဖြတ်သန်းသွားလာမှုများ မကြာခဏရှိနေပြီး စစ်ကြောင်းဖြတ်သန်းစဥ် ကားလမ်းနံ ဘေးတွင် စုပုံရောင်းချသော တောင်ထန်းများ မီးရှို့ခံရမည်ကို စိုးရိမ်သဖြင့် ကုန်သည်များက ခြံပိုင်ရှင်များ ထံမှ တောင်ထန်းများကို ဝယ်ယူရောင်းချဝံ့ခြင်းမရှိတော့ကြောင်း တောင်ထန်းခြံပိုင်ရှင်များက ပြောသည်။

ထို့ကြောင့် ယခုနှစ်ရာသီအတွက် လက်ငင်းငွေချေစနစ်ဖြင့် တောင်ထန်းပုံမှန်ခုတ်ရောင်းရသူ မရှိတော့ဘဲ အကြွေးရောင်းပေးမှသာ ခုတ်ရောင်း၍ရသည့်အခြေအနေရှိနေသည်ဟု ခြံပိုင်ရှင်တစ်ဦးက ယခုလို ပြောသည်။

“ကားလမ်းဘေးကကုန်သည်တွေကလည်း သူတို့အိမ်ရှေ့မှာ မပုံရဲဘူး။ ပုံရင်မီးရှို့ခံရမှာ ကြောက်လို့ ဆိုပြီးတော့၊ တကယ်လို့ ကိုယ်ခုတ်ချင်တယ်ဆိုရင်လည်း ခုတ်ပေါ့ ပြီးရင် ကုန်သည်ဆီကို အကြွေး လာရောင်း။ ပိုက်ဆံကတော့မရဘူး။ သူတို့ရောင်းရမှ တောင်ထန်းဖိုး ပိုက်ဆံပေးမယ်၊ အဲ့လို ဖြစ်နေတာ။ အလူးကြီးရွာတို့ဘက်ကတော့ စစ်ကြောင်းတွေမဖြတ်တော့ အရောင်းအဝယ်ကောင်းတယ်။ အလူးလေးဘက်ကတော့ ခုတ်ရောင်းချင်ရင်အကြွေးလာချထား ကြိုက်ရင်ချ၊ မကြိုက်ရင်မချနဲ့။ သူများမီးလာရှို့သွားရင် သူတို့မဝယ်နိုင်ဘူး။” ဟု ၎င်းခြံရှင်က ပြောသည်။

ပုံမှန်အားဖြင့် တောင်ထန်းများအား ခြံပိုင်ရှင်များက လှည်းဖြင့်ဖြစ်စေ၊ မော်တော်ယာဥ်ဖြင့်ဖြစ်‌စေ သယ် ယူပြီးမှသာ ကုန်သည်များထံပြန်လည်ရောင်းချရခြင်းဖြစ်ပြီး ကုန်သည်များက တောင်ထန်း အသုံးပြုသူများထံ ထပ်ဆင့်ပြန်လည်ရောင်းချကြကြောင်း သိရသည်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း “စနေနေ့(ဇန်နဝါရီလ ၆ ရက်နေ့) က အဲဒီ ကုန်သည်တွေ ပုံရောင်း တဲ့နေရာနားမှာပဲ ပစ်တာခတ်တာဖြစ်သွားတယ်။ ကုန်သည်တွေက ကားလမ်းဘေးမှာပဲ ရောင်းတော့ မဝယ်ရဲဘူးဖြစ်နေတာ။ တခြားနေရာကတော့ အရောင်းအဝယ် ကောင်းရင်ကောင်းမှာပေါ့။ ဒီက ရွာသားတွေကတော့ တောင်ထန်းခုတ်ရောင်းလို့မရလို့ ညည်းနေကြတယ်။” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ဇန်နဝါရီလ(၈)ရက် ယမန်နေ့ညပိုင်းကလည်း အင်အား(၃၀)ခန့်ရှိသော စစ်ကောင်စီတပ် စစ်ကြောင်းသည် အလူးလေးကျေးရွာဝန်းကျင်မှ ဖြတ်သန်းသွားလာမှုများရှိနေသလို ၎င်းတို့ မသင်္ကာ ဖွယ်ရာတွေ့ရှိပါက ရွာအတွင်းဝင်ရောက်ကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်တတ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ထိုသို့ မကြာခဏဝင်ရောက်သွားလာမှုများရှိနေပြီး ယခင်ကလည်းကျေးရွာအတွင်းနှင့် အနီးတဝိုက် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားစဥ် နီးစပ်ရာစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး ပစ်ခတ်မှုများ လည်း ခံခဲ့ရသည့်အတွက် သတိထားသွားလာနေထိုင်ရသည်ဟုလည်း ကျေးနယ်ဒေသခံများက ပြောသည်။

အိမ်ခေါင်မိုး မိုးရန်နင့် လယ်တဲများ အမိုးမိုးရန်အတွက် အသုံးပြုသော တောင်ထန်းများသည် နှစ်တစ် နှစ်၏ မိုးရာသီရောက်ရှိခါနီးအချိန်တွင် ဈေးအမြင့်ဆုံးရ တတ်သလို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလပိုင်းက တောင်ထန်း အကဒ် (၁၀၀)လျှင် မြန်မာကျပ်ငွေ ၂၀,၀၀၀ ကျပ်ထိ‌ ဈေးနှုန်းရရှိခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။