Home သတင်း ကျိုက်ထိုတွင် မီတာခကြွေးကျန်ရှိသော နေအိမ်များ မီးကြိုးလိုက်ဖြတ်ခံရ

ကျိုက်ထိုတွင် မီတာခကြွေးကျန်ရှိသော နေအိမ်များ မီးကြိုးလိုက်ဖြတ်ခံရ

807
Photo: CJ

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၀) ရက်နေ့မှစတင်ကာ မြို့မီတာရုံးမှ ယခင်မီတာ ကြွေးကျန်ရှိသော နေအိမ်များအား မီးကြိုးလိုက်ဖြတ်နေကြောင်း ကျိုက်ထိုမြို့ခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ရွာအများစုတွင် မီတာရုံးများသို့ ပေးဆောင်လိုက်ရသော ငွေကြေးများက စစ်ကောင်စီအတွက်အထောက်အပံ့ဖြစ်စေမည်ကို စိုး၍လည်းကောင်း၊ မြို့ရောက်တော် လှန်ရေးအင်အားစုများက မီတာရုံးများနှင့်အနီးဝန်းကျင်တွင် ဖောက်ခွဲရေးလုပ်ဆောင် သတိပေး၍ လည်းကောင်း မီတာခပေးဆောင်သူ လျော့နည်းလာခြင်းဖြစ်သည်။

ထိုနောက်တွင် စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများက မီတာခမဆောင်သည့်နေအိမ်များ၊ ကြွေးကျန်ရှိနေသော နေအိမ်များသို့ လိုက်လံကာ မီတာပုံးဖြုတ်ယူခြင်းများ ရှိခဲ့ပြီး ယခု ဇန်နဝါရီလ လယ်မှစ၍ ကျိုက်ထိုမြို့ရှိ ရပ်ကွက်များအလိုက် မီတာခအကြွေးကျန်ရှိ‌ နေအိမ်များမှ မီးကြိုးများ လိုက်လံဖြတ်တောက်နေခြင်းဖြစ်သည်ဟု မြို့နေအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းအမျိုးသမီးက “ဟိုတလောက ရပ်ကွက်တွေမှာ မီတာခမပေးတဲ့ ကြွေးကျန်နေသေးတဲ့အိမ်တွေကို မီးကြိုးတွေဖြတ်ချပစ်လိုက်တယ်။ အဲ့လိုလာဖြတ်လို့ တချို့အိမ်တွေက ကြိုးတော့မဖြတ်ပါနဲ့ ပိုက်ဆံ ပေးလိုက်ပါ့မယ်ဆိုတာတောင် မရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် မီတာရုံးမှ ဌာနဆိုင်ရာဝန်ထမ်းများကလည်း နေအိမ်အရောက် မီတာ လာဖတ်မှု နည်းပါးသွားသလို အမှန်တကယ် ကျသင့်သည့်မီတာယူနစ်ကိုလည်း ခန့်မှန်း ကောက်ခံခြင်းများလုပ်ဆောင်ကြကြောင်း မြို့ခံများက ပြောသည်။

အထက်ပါအမျိုးသမီးက ဆက်လက်၍ “စီးပွားရေးလိုင်းမီတာဆိုရင် ကိုးသောင်း၊ တစ်သိန်း လောက်ပေးရတယ်။ ငါးလစာဆို ငါးသိန်းခြောက်သိန်းဆောင်ရတယ်။ ရပ်ကွက်တွေကျတော့ အများကြီးမဆောင်ဘူးလေ။ ပြီးရင် မီတာခကို သုံးလစာလေးလစာ ဆိုပြီး မီတာရုံးက လာလာ ပေးသွားတာ လာလည်းမဖတ်ဘဲနဲ့ ယူနစ်ကိုရမ်းထည့်ထားတာ။” ဟု ဆက်ပြောသည်။

မီးကြိုးဖြတ်တောက်ခံရသော နေအိမ်များအနေဖြင့် မီတာရုံးတွင် ဒဏ်ကြေးပေးဆောင်ပြီးမှ ကြိုးပြန်တပ်ဆင်ပေးမည်ဖြစ်ပြီး ဒဏ်ကြေးကိုလည်း သိန်းနှင့်ချီ၍ကောက်ခံနေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလပိုင်းကလည်း ကျိုက်ထိုမြို့ရှိ မီတာခ ၅ သိန်းကျပ်နှင့်အထက် ကြွေးကျန် ရှိသော နေအိမ်များအား လျှပ်စစ်ဌာနက ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လျှပ်စစ်မီးပေးမှု ဖြတ်တောက်ခြင်းများ လုပ်ဆောင်ခဲ့သေးသည်။

ကျိုက်ထိုမြို့သာမက မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်များတွင် အချိန်မှန် မီတာခပေးဆောင်ရသော်လည်း လျှပ်စစ်မီးပုံမှန်မရရှိသလို အလှည့်ကျမီးပေးစနစ်ဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်သည်။