Home သတင်း ‌စစ်ကောင်စီ နာလန်မထူနိုင်ရေး ပိုမိုပြင်းထန်သော ပိတ်ဆို့မှုများ လုပ်ဆောင်ရန် နိုင်ငံတကာသို့ KNU တိုက်တွန်း

‌စစ်ကောင်စီ နာလန်မထူနိုင်ရေး ပိုမိုပြင်းထန်သော ပိတ်ဆို့မှုများ လုပ်ဆောင်ရန် နိုင်ငံတကာသို့ KNU တိုက်တွန်း

1288

ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတကာအသိုင်းအဝိုင်းအများအနေဖြင့် ယိုယွင်းလာနေသော စစ်အာဏာရှင်စနစ် နာလန်မထူနိုင်ရေး ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူအပါအဝင် မြန်မာပြည်သူလူထုနှင့်အတူရပ်တည်၍ ယခင်နှစ် များကထက် ပိုမိုပြင်းထန်သော ပိတ်ဆို့မှုများလုပ်ဆောင်ရန် KNU ၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့အချိန်ထိ စစ်ကောင်စီ ရပ်တည်နေနိုင်ခြင်းမှာ နိုင်ငံတကာက ပြင်းထန်သော ပိတ်ဆို့ မှုများမလုပ် ဆောင်ခြင်းကြောင့်ဖြစ်သလို ၎င်းတို့ရပ်တည်မှုနှင့် စစ်ရေးလုပ်ဆောင်မှုများအား အထောက်အပံ့ဖြစ် စေသည့် ဝင်ငွေလမ်းကြောင်းများအား တားမြစ်အရေးယူရန် ယမန်နေ့ ဇန်နဝါရီလ (၁)ရက်နေ့က KNU (ဗဟို)၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်လွှင့်‌သော ပြည်သူလူထုအတွက် နှစ်သစ်ကူး သတင်းစကား ရုပ်သံတွင် ပဒိုစောတောနီးက ထိုသို့ ထည့်သွင်းတိုက်တွန်းထားခြင်းဖြစ်သည်။

၎င်းက “စစ်အာဏာရှင်စနစ်က ပျက်စီးယိုယွင်းနေတာကို မျက်မြင်တွေ့နေရပြီး နိဂုံးမချုပ်ရသေးတာက သူတို့ရပ်တည်ဖို့ အသုံးပြုနေတဲ့ သယံဇာတ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက်ပစ္စည်းစတဲ့ ဝင်ငွေ လမ်းကြောင်းနဲ့ လေယာဉ်ဆီတွေကို ပိတ်ဆို့ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ကျနော်တို့နဲ့ အတူရပ်တည်ပြီး ဒီထက်ပိုပြင်းထန်တဲ့ပိတ်ဆို့မှုတွေလုပ်ဖို့ လိုပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ စစ်အုပ်စု နာလန်မထူ‌နိုင်ရေး၊ စစ်ရေးဘက်မှာ ဒီထက်ပိုမလုပ်ဆောင်နိုင်ရေး ပြင်းထန်တဲ့ပိတ်ဆို့မှုလုပ်ဖို့ တောင်းဆိုလိုပါတယ်” ဟု ရုပ်သံအစီအစဉ်တွင် ပြောဆိုထားသည်။

၂၀၂၄ ခုနှစ်သည် ကရင့်တော်လှန်ရေး ၇၅ နှစ်ပြည့်မြောက်သောနှစ်တစ်နှစ်ဖြစ်သလို ကေအဲန်ယူ အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း လူမျိုးတုံးသတ်ဖြတ်ခံရမှုကို ရင်ဆိုင်နေရသော ပြည်သူများနှင့် သာမက ပါလက်စတိုင်းနှင့်ယူကရိန်းကဲ့သို့ ကမ္ဘာ့နိုင်ငံများမှ ရက်စက်ကြမ်းကြုတ်မှုကို တွေ့ကြုံခံစား နေရသည့်ပြည်သူများနှင့်အတူ ရပ်တည်မည့်အကြောင်း KNU က ၎င်းတို့၏ရပ်တည်ချက်ကို ရှင်းပြသည်။

ထို့အတူ စိန်ခေါ်မှုနှင့်အခွင့်အရေးကောင်းများ ရှိနေသော ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီပြုတ်ကျရေး KNU က မြန်မာပြည်သူလူထုနှင့်အတူ တသားတည်းရပ်တည်နေသလို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း အနေဖြင့်လည်း လိုက်ပါရပ်တည်ကြရန် ပဒိုစောတောနီးက ဆက်လက်တိုက်တွန်းထားသည်။

“၂၀၂၄ ခုနှစ်ဟာ စိန်ခေါ်မှုနဲ့ပြည့်နေသလို အခွင့်အရေးကောင်းတွေလည်း တည်ရှိနေပါတယ်။ စစ်ကောင်စီ ပြိုလဲတဲ့အထိ တိုက်ပွဲဝင်ဖို့ ပြည်သူတွေဆီကပဲ လာတဲ့အင်အားက ကျနော်တို့မှာ ရှိနေပါတယ်။ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကလည်း ပြည်သူနဲ့အတူ လိုက်ပါရပ်တည်ပြီး စစ်အာဏာရှင်စနစ်အမြန်ဆုံးချုပ်ငြိမ်းဖို့ ဝိုင်းဝန်းတိုက်ပွဲဝင်ကြပါ။” ဟု ပဒိုစောတောနီးက ပြောသည်။

၎င်းအပြင် မြန်မာနိုင်ငံ၏လူဦးရေ ၂ သန်းခန့်သည် လူသားချင်းစာနာမှုအကူအညီများလိုအပ်နေပြီး ၎င်းတို့အား ထိရောက်သော အကူအညီများပေးရန်လည်း ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ နှစ်သစ်ကူး သတင်းစကား ရုပ်သံတွင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂအေဂျင်စီများအား တောင်းဆိုထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၃၂)ရက်နေ့က ကနေဒါ၊ အမေရိကန်နှင့်ယူကေ နိုင်ငံတို့ပူးပေါင်း၍ စစ် ကောင်စီ၏ ဝင်ငွေလမ်းကြောင်းနှင့် လက်နက်ထောက်ပံ့ပေးနေသော စစ်တပ်လက်အောက်ခံ ခရိုနီ များ၊ ဝန်ကြီးများနှင့် ကုမ္ပဏီများအား ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။ အလားတူ စစ်တပ်အတွက် အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီ၍ ဝင်ငွေရနေသော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့်ပတ်သက်သည့် ဘဏ္ဍာရေးလုပ်ငန်းများအား အ‌မေရိကန်အစိုးရက ပိတ်ပင်ကန့် သတ်မှုပြုလုပ်ခဲ့ သော်လည်း တစ်စိတ်တစ်ဒေသသာဖြစ်သဖြင့် စစ်ကောင်စီအတွက် ထိခိုက်နစ်နာမှု ကြီးကြီးမား မားမရှိနိုင်ကြောင်း အရပ်ဖက်အဖွဲ့များက ထောက်ပြပြောဆိုကြသည်။