Home သတင်း ကရင့်အလံစိုက်ထူခြင်းဖြင့် နှစ်သစ်ကူးနေ့ကို ပါဝင်ပေးကြရန် ဧရာဝတီတိုင်း ကရင်လူငယ်များတိုက်တွန်း

ကရင့်အလံစိုက်ထူခြင်းဖြင့် နှစ်သစ်ကူးနေ့ကို ပါဝင်ပေးကြရန် ဧရာဝတီတိုင်း ကရင်လူငယ်များတိုက်တွန်း

1083
Photo: Ayeyarwaddy Karen Youth

ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

လာမည့် ဇန်နဝါရီလ(၁၁)ရက်၊ ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ် သစ်ကူးနေ့ အခမ်းအနားများအား နယ်မြေဒေသအခြေအနေကြောင့် မပြုလုပ်မဆင်နွှဲနိုင်သော်ငြား မိမိတို့ နေအိမ်တွင် အနည်းဆုံး ကရင့်အလံတော်စိုက်ထူခြင်းဖြင့် ပါဝင်ပေးကြရန် ဧရာဝတီတိုင်း ကရင် လူငယ်များအဖွဲ့ (Ayeyarwaddy Karen Youth) က တိုက်တွန်းထားသည်။

ဧရာဝတီတိုင်းကရင်လူငယ်များအဖွဲ့က ၂၇၆၃ ခုနှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ (ကရင်အမျိုးသားနှစ်သစ်ကူးနေ့ )အထိမ်း အမှတ်အတွက် ပြုလုပ်သော ကရင်အမျိုးသားအလံတော် ကမ်ပိန်းနှင့်ပတ်သက်၍ ကေအိုင်စီက မေးမြန်း ရာတွင် အဖွဲ့ဝင်တစ်ဦးဖြစ်သော စောဒူးတောက ထိုကဲ့သို့ တိုက်တွန်းထားခြင်းဖြစ်သည်။

၎င်းက “ကရင်နှစ်သစ်ကူးဆိုတာ နေထူးနေ့မြတ်ဖြစ်တယ်။ ခေါင်းဆောင်တွေက တစ်မျိုးသား လုံးစည်းလုံးညီညွတ်ဖို့နဲ့ နေ့ထူးနေ့မြတ်ကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကို ကျနော်တို့ နောင် လာနောက်သားတွေက ကိုယ့်ရဲ့နှစ်သစ်ကူးနေ့ရောက်တိုင်း အသိအမှတ်ပြု ဆက်လက်ပြီး လက်ဆင့် ကမ်း ထိန်းသိမ်းကျင်းပဖို့လိုတယ်။ လတ်တလော နေရာအသီးသီးမှာ တိုက်ပွဲအခြေအနေအရ မလုပ်နိုင် တာတွေလည်းရှိနေပေမယ့် အနည်းဆုံးတော့ ကိုယ့်အိမ်‌တွေမှာ အလံထောင်ပြီး ပါဝင်ပေးကြပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ဧရာဝတီတိုင်း ကရင်လူငယ်များအဖွဲ့အနေဖြင့် ယမန်နှစ် ၂၀၂၃ ခုနှစ် ကရင်နှစ်သစ်ကူးနေ့မှစ၍ ကရင် လူမျိုးများ၏ အမျိုးသားရေးစိတ်ဓာတ်ရှင်သန် နိုးကြားလာစေရန်၊ ကရင့်အမျိုးသားအလံတော်အား တန်ဖိုးထားလေးစားတတ်စေရန်၊ ရိုးရာဓလေ့များကို ထိန်းသိမ်းမြှင့်တင်နိုင်ရန်နှင့် ကရင်အမျိုး သားအလံတော်အား နှစ်သစ်ကူးရက်မတိုင်ခင် ကြိုတင်လွှင့်ထူထားနိုင်စေရန် ရည်ရွယ်၍ အလံတော် ကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟု သိရသည်။

ကမ်ပိန်းကာလအား ဒီဇင်ဘာလ(၂၆)ရက်မှ ဇန်နဝါရီလ (၉)ရက်နေ့အထိ သတ်မှတ်ထားပြီး အဖွဲ့အ နေဖြင့် ပေးဝေရန်ရည်ရွယ်ထားသည့် အလံတော် ၂၇၆၃ ခုအနက် လက်ရှိတွင် အလံတော် ၅၀၀ ခန့်သာ ရရှိသေးကြောင်း စောဒူးတောက ဆက်ပြောသည်။

“ဒီနှစ်ကတော့ မှန်းထားတဲ့အလံတော် ၂၇၆၃ ခုရှာပြီး ဧရာဝတီထဲက မြို့နယ်ပေါင်း ၂၆ မြို့နယ်ကို လိုက်ပြီး ဝေငှပေးဖို့ဆိုတဲ့စဉ်းစားချက်ရှိပါတယ်။ ကမ်ပိန်း စတဲ့ရက်ကလည်း လုပ်မယ်မလုပ်ဘူးနဲ့ ဒေသတွင်းအခြေအနေကလည်းရှိနေတော့ အချိန်ကပ်သွားတယ်။ လောလောဆယ် အလံက ၅၀၀ လောက်ပဲရသေးတယ်ပေါ့နော်။ လိုတဲ့ဟာကိုတော့ အခုနှစ်ပတ်လောက်တောင်မကျန်တော့တဲ့အချိန်မှာ ကြိုးစားပြီးတော့ရှာရမယ့်အနေအထားပါ။” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။

အလံ‌များအား ဧရာဝတီတိုင်းအတွင်းမှ သက်ဆိုင်ရာ စာပေနှင့်ယဉ်ကျေးမှု ခေါင်းဆောင်များနှင့် ချိတ်ဆက်၍ လည်းကောင်း၊ အခြားကရင်လူငယ်အစုအဖွဲ့များဖြင့်ချိတ်ဆက်၍လည်းကောင်း ဧရာဝတီ တိုင်းရှိ မြို့နယ် ၂၆ မြို့နယ်သို့ ပေးဝေသွားရန် စီစဉ်ထားသလို လူထုအနေဖြင့် အလံတော်များ အတွက် ဧရာဝတီကရင်လူငယ်များ အဖွဲ့သို့ ချိတ်ဆက်လှူဒါန်းနိုင်ကြောင်း သိရသည်။