Home သတင်း မော်လမြိုင်-ရေး ပြည်ထောင်စုလမ်းမကြီး၏ ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီးဟုတောင်ညို စစ်ကြောင်းပြော

မော်လမြိုင်-ရေး ပြည်ထောင်စုလမ်းမကြီး၏ ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီးဟုတောင်ညို စစ်ကြောင်းပြော

982
Photo: Crd.

ဒီဇင်ဘာလ ၁၂ ရက် ၂၀၂၃ ခုနှစ် ကေအိုင်စီ

မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ၏ စစ်ရေးဦးဆောင်မှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အသွားအလာယာဉ် များကို စစ်ဆေးမှုများနေ့စဉ်ပြုလုပ်နေပြီး လမ်းပိုင်း၏ ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီးဟု တောင်ညို စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါနယ်မြေရှိ လမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်သည် လုံးဝဖြတ်သန်းသွားလာနိုင်ခြင်း မရှိ တော့ သလို ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများ၏ လုံခြုံရေးနှင့် စစ်ကောင်စီတပ်၏ စစ်ကြောင်း လှုပ်ရှားမှု များ ရပ်တန့်သွားစေရန်အတွက် KNLA ပူးပေါင်းတပ်ဖွဲ့များက လမ်းပိုင်းတစ်ခုလုံးကို စိုးမိုးနိုင်ရန် ဆောင်ရွက်နေ ကြောင်း တောင်ညိုစစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ တောင်ညိုစစ်ကြောင်းက NUGရဲ့လက်အောက်မှာတည်ရှိပြီး တိုင်းရင်းသား မဟာ မိတ်တပ် တွေဖြစ် တဲ့ KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့ သွားနေပါတယ်။ အခုနောက်ပိုင်းမှာတော့ အမြဲလိုလို ကားလမ်းစစ်ဆေး မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အဓိက ကတော့ ဒီလမ်းမကြီးကို ၈၀ရာခိုင်နှုန်းလောက်အထိထိန်းချုပ်နိုင်နေပါပြီး။ ရန်သူတွေ မလာရဲနိုင်သလောက်ကိုဖြစ်နေပါပြီး။ ခရီးသွား ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ စစ်ကောင်စီရဲ့ လှုပ်ရှားမှု တွေကို ဒီနယ်မြေမှာ လုံး၀ရပ်တန့် သွားနိုင်လောက်တဲ့အထိ လုပ်ဖို့ပဲဖြစ်ပါတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီတပ်များသည် အဆိုပါ မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်မှ ဖြတ် သန်းသွားလာလို့မရခြင်းကြောင့် ၎င်းလမ်းပိုင်းကိုရှောင်၍ အခြားသော အောက်လမ်းများမှတစ်ဆင့် ပုန်းလျှိုကာ သွားလာနေရသည်ဟုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က ဆိုသည်။

ထို့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အဆိုပါလမ်းမကြီးကို စစ်ဆေးမှုပြုလုပ်ရာတွင် စစ်ကောင် စီ တပ်ဘက်မှ လမ်းမကြီး နှင့် နီးစပ်သည့် နေရာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ပြည်သူ များ၏နေအိမ်ထိခိုက်မှုများရှိသည်ဟုလည်း တောင်ညိုစစ်ကြောင်းဘက်က ဆိုသည်။

Photo: Crd.

ဆက်လက်ပြီး လမ်းပိုင်း၏ အသွားအလာများကို စစ်ဆေးမှုပြုလုပ်ရာတွင်လည်း စစ်ကောင်စီ တပ်နှင့် ဆက်နွယ် သူများကို ဖမ်းဆီရမိခြင်း နှင့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များဘက်မှ အလင်း ဝင်ရောက်လာမှုများလည်းရှိသည်ဟု တောင်ညိုစစ်ကြောင်း၏ တာဝန်ရှိသူ တစ်ဦးက ကေအိုင်စီသို့ ဖြည့်စွက်ပြောသည်။

“လမ်းပိုင်းစစ်ဆေးတဲ့အခါ လက်နက်ကြီးဘာညာနဲ့ လှမ်းထုတာမျိုးတွေရှိတယ်။ လူနေအိမ်တွေကိုလည်း ထိတယ်ပေါ့။ လမ်းပိုင်းစစ်ဆေးမှုပြုလုပ်တဲ့အခါ စစ်ကောင်စီနဲ့ ဆက်နွယ်ပတ်သက်တဲ့ပစ္စည်းတွေ လူတွေ ဖမ်းမိ တာမျိုးတွေရှိသလို လာရောက် အလင်း၀င်တာမျိုးလည်းရှိကြတယ်။ စစ်ဆေးမှုကတော့ ကျနော်တို့ တိုင်းရင်း သား မဟာမိတ်တပ်တွေနဲ့ ပူးပေါင်း လုပ်ဆောင်တာမျိုးတွေရှိတယ်” ဟု ဖြည့်စွက်ပြောဆိုသည်။

အလားတူ စစ်ဆေးမှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းသမား များကို စစ်ကောင်စီတပ်နှင့် ပတ်သက်သည့်ပစ္စည်းများ သယ်ဆောင်ခြင်းမပြုကြရန်ကိုလည်း ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် KNLAပါဝင်သည့် တောင်ညိုစစ် ကြောင်းအပြင် အဆိုပါ နယ်မြေအတွင်းရှိ အခြားသော တော်လှန်ရေးတပ်ဖွဲ့များကလည်း ပူးပေါင်းပါဝင် စစ်ဆေးမှု ပြုလုပ်နေကြပြီး အဆိုပါ လမ်းမကြီးကိုလည်း ရာခိုင်နှုန်းအပြည့် ထိန်းချုပ်နိုင်ရန် ကြိုးပမ်း နေကြောင်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပြောဆိုထားသည်။