Home သတင်း ဖားအံမြို့အနီး တောင်ကလေးကျေးရွာရှိ အာဝါဒေး လောင်းကစားဝိုင်းများအား BGF အပိုင်စားယူထား

ဖားအံမြို့အနီး တောင်ကလေးကျေးရွာရှိ အာဝါဒေး လောင်းကစားဝိုင်းများအား BGF အပိုင်စားယူထား

731

ဒီဇင်ဘာလ(၁၂)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ဖားအံမြို့နယ်၊ တောင်ကလေး-လှာကမြင်ကျေးနယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ကုန်ပိုင်းမှ စ၍ ကရင်နှစ်သစ်ကူးနေ့အကြိုအဖြစ် ပြုလုပ်နေသော အာဝါဒေး လောင်းကစားဝိုင်းများအား နယ်ခြားစောင့်တပ်-BGFမှ ‌အပိုင်စားယူကာ ကျင်းပပြုလုပ်နေကြောင်း ဒေသခံများ၏ပြောပြချက်အရသိရ သည်။

BGF တပ်နယ်(၂)ခွဲ၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ဝင်းဇော်ဆိုသူက ၎င်းဦးစီးလုပ်ကိုင်နေသော လောင်းကစားဝိုင်း များမှအပ ကျန်ဝိုင်းများအား ပိတ်ခိုင်းကာ အာဝါဒေး စီးပွားရေးကို အပိုင်စားရယူ လုပ်ကိုင်နေခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တောင်ကလေးဒေသခံ တစ်ဦးက ၎င်း၏စုံစမ်းသိရှိချက်အား ကေအိုင်စီကို ယခုလိုပြောသည်။

၎င်းဒေသခံက “လှာကမြင်ကျေးနယ် သချိုင်္င်းကုန်းနေရာမှာလုပ်တာ။ ပွဲကမဝင်သေးဘူး။ နှစ်သစ်ကူးနေ့အ ကြို ဆိုပြီး လုပ်တဲ့ဝိုင်းတွေပေါ့။ သူ့ဝိုင်း‌တွေဘေးမှာ ဖွင့်ထားတဲ့သူများ လောင်းကစားဝိုင်းတွေ သူလိုက်တိုင်လို့ အကုန်ပိတ်ရတယ်။ လုပ်လို့မရတော့ဘူး။ အခုက သူတစ်ယောက်ထဲရဲ့ပွဲပဲလုပ်လို့ရတယ်။ အဖွဲ့အစည်း ကဆို တော့ နည်းနည်း ပါဝါပြတာပေါ့။” ဟု ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကို နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်အချို့က လုံခြုံရေးယူပေးကာ ပြုလုပ် လျက်ရှိပြီး ကရင်နှစ်သစ်ကူးနေ့အပါအဝင် ရက်ပေါင်း (၅၀) ခန့် ကျင်းပသွားမည်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ကရင်ပြည်နယ်အတွင်း သီတင်းကျွတ်၊ တန်ဆောင်တိုင်ကဲ့သို့ အခါကြီးရက်ကြီးများအတွက် အာဝါဒေး လောင်း ကစားဝိုင်းများကို ပွဲသွင်းကျင်းပမှုပိုများသလို ဝိုင်းများအကြောင်းပြု၍ မတော်တရား စီးပွားရှာဖွေသူများရှိ‌ နေခြင်း၊ ခိုးမှုနှင့်လုယက်မှုများ ပိုမိုများပြားလာခြင်းကြောင့် စာရိတ္တပျက်ပြားစေ၍ ‌ဒေသခံများ စိတ်အနှောက်အ ယှက်ဖြစ်နေရကြောင်းလည်း ဒေသခံများကဝေဖန်ပြောဆိုကြသည်။

ဖားအံခရိုင်တွင် နယ်မြေစိုးမိုးမှုရရှိထားသော BGF နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် လက်နက်ကိုင် (၄)ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် ကရင့်လက်နက်ကိုင်စည်းလုံးညီညွှတ်ရေးကော်မတီက ယခု ၂၀၂၃ ခုနှစ် မတ်လ(၂၉)ရက်နေ့တွင် ဖားအံခရိုင်ရှိ လောင်းကစားဝိုင်းများ ပပျောက်ရေးအတွက် ဥပဒေအရ အရေး ယူသွားရန် သ‌ဘောတူလတ်မှတ်ရေးထိုး ထုတ်ပြန် သတိပေးထားသော်လည်း လက်နက်ကိုင်အဖွဲ့ဝင်များပါဝင် နေသော လောင်းကစားဝိုင်းများမှာ ဖားအံခရိုင်အတွင်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “လောင်းကစားဝိုင်း‌တွေကိုတော့ ကျနော်တို့လုံးဝခွင့် မပေးပါဘူး။ ဝိုင်းတွေရှိနေတဲ့နေရာမှာဆိုရင် သိတဲ့သူက ကျနော်တို့ဆီအကြောင်းကြားရမယ်။ ပြီးရင် သက်ဆိုင် ရာအဖွဲ့ကို ကျနော်တို့ပိတ်ပင်ခိုင်းသွားမှာပါ။ မလုပ်ရဘူး‌ဆိုတဲ့အကြောင်းကိုက အဖွဲ့အစည်းတွေကိုလည်း အသိပေးထားပါတယ်” ဟု ဒီဇင်ဘာလ(၂)ရက်နေ့က ကေအိုင်စီသို့ ပြောဆိုထားသည်။

ထို့အပြင် ကော်မတီအနေဖြင့် လောင်းကစားဝိုင်းမပြုလုပ်ရ ဥပဒေ ချိုးဖောက်သူများအား အရေးယူရန်နှင့် ပြုပြင်ရေးစခန်းများသို့ ပို့ဆောင်ရေးအတွက် နေရာနှင့် ဘတ်ဂျတ်အရ လိုအပ်ချက်ရှိခြင်းကြောင့် လက်ရှိ ပထမအဆင့်၊ ဒုတိယအဆင့်တွင် သတိပေး၊ ပညာပေးပုံစံဖြင့် သွားနေရကြောင်းလည်း ပဒိုစောအောင်မော်အေး က ဆက်ပြောသည်။

ယခုနှစ်ကုန်ပိုင်းအတွင်း လောင်းကစားဝိုင်းများကို ဖားအံမြို့နယ်တွင်သာမက လှိုင်းဘွဲမြို့နယ်ရှိ ‌ကျေးရွာ အချို့တွင်လည်း ပြုလုပ်ကျင်းပလာကြရာ စစ်ကောင်စီလက်အောက်ခံ တပ်ဘက် နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူအချို့ ဦးစီးဦးဆောင်ပြု၍ စီးပွားရှာနေသည်ဟုလည်း ဒေသခံများက ပြောဆိုထားကြသည်။